ယောရွာရှိ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက် ၈ ဦး သေဆုံးဟုဆို

By MTO(မဇ္ဈိမ)
19 January 2023
ယောရွာရှိ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက် ၈ ဦး သေဆုံးဟုဆို

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ယောရွာ(ပျူရွာ) ရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များက ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြေပြင်နှင့် ဝေဟင်ကပါ(ဒရုန်းဖြင့်) တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့ကြောင်း Dynamite Empire အဖွဲ့က ဆေးမှူး ကိုဂျပန်ကြီးက ပြောသည်။

၎င်းက “ ယောကျေးရွာ ရွာခြေအနီးထိကပ်တယ်၊ မီတာ ၃၀၀ အကွာလောက်ကနေ သာလွန်အင်အားနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ပစ်တယ်၊ ဝေဟင်ကနေ ဒရုန်းတွေနဲ့ အီနာဂါချတိုက်ခိုက်တယ်၊ ဒရုန်းနဲ့ အီနာဂါချလို့ သုံးယောက် သေတယ်။ လက်နက်ကြီးကျည်ထိလို့ ငါးယောက်သေတယ်” ဟု ပြောသည်။

တိုက်ခိုက်မှုအတွင်း ရွာကို ပတ်လည်၀ိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားများဘက်က ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်းသိရသည်။

ယောကျေးရွာသည် ယခင်ကလည်း ကြံ့ခိုင်ရေးပါတီကို အားပေးထောက်ခံသည့် ဒေသအခေါ်အစိမ်းရွာတစ်ရွာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများသာ တပ်စွဲနေထိုင်သည့် ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် အခြေပြုလှုပ်ရှားနေသည့်အဖွဲ့များကို ထောက်ပံ့မှုအားနည်းနေသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ပိုမိုထောက်ပံ့ပေးဖို့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တောင်းဆိုသည်။

တိုက်ခိုက်မှုကို Dynamite Emperor အဖွဲ့၊ ရင်း(၄) လှုပ်ရှားရေးအထူးတပ်ဖွဲ့ ၊ MPF-U18၊ kanbalu Underground Warrior အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူခရိုင်
#ဒေသကာကွယ်ရေးတပ်
#ပျူစောထီး
#DynamiteEmpire

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required