တရုတ်နှင့်ယှဉ်ပြိုင်ရေးကို အထူးလေ့လာမည့် ကော်မတီတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်သစ် ဖွဲ့စည်း

By Reuters 
18 January 2023
တရုတ်နှင့်ယှဉ်ပြိုင်ရေးကို အထူးလေ့လာမည့် ကော်မတီတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်သစ် ဖွဲ့စည်း

အမေရိကန်အောက်လွှတ်တော်အမတ်များသည် တရုတ်၏ ကြီးထွားလာနေသော နိုင်ငံတကာသြဇာလွှမ်းမိုးမှုကို တန်ပြန်ရေးအတွက်  တရုတ်ဆိုင်ရာ ရွေးချယ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန်  ဇန်နဝါရီလ ၁၀ ရက်က တစ်ခဲနက် မဲပေးကြသည်။
အောက်လွှတ်တော်သည် အမေရိကန်နှင့် တရုတ်ကွန်မြူနစ်ပါတီအကြား မဟာဗျူဟာပြိုင်ဆိုင်မှုဆိုင်ရာ ရွေးချယ်ရေးကော်မတီဖွဲ့စည်းမှုအား ထောက်ခံမဲ ၃၆၅ မဲ၊ ကန့်ကွက်မဲ ၆၅ မဲဖြင့် အတည်ပြုခဲ့ပြီး ယင်းကော်မတီသည် အမေရိကန်အစိုးရအတွက် ပြဿနာများစုံစမ်းစစ်ဆေးရေးနှင့် မူဝါဒအကြံပြုချက်များကို လုပ်ဆောင်မည်ဖြစ်သည်။
ကန့်ကွက်မဲ ၆၅ မဲစလုံးသည် ဒီမိုကရက်ပါတီမှ ဖြစ်ပြီး ရီပတ်ဘလစ်ကန်ဦးဆောင်သည့် အဖွဲ့က တစ်ဖက်သတ်လုပ်ဆောင်မည်ကို စိုးရိမ်ကြောင်း တချို့က ပြောကြားခဲ့သော်လည်း အခြား ဒီမိုကရက်ပါတီ ၁၄၆ ဦးက ထောက်ခံမဲ ပေးခဲ့ကြသည်။
အောက်လွှတ်တော်အမတ်များနှင့် အထက်လွှတ်တော်အမတ်များပါဝင်သော တရုတ်မူဝါဒလေ့လာရေးအဖွဲ့၏ လွှတ်တော်အမှုဆောင်ကော်မရှင် ပူးတွဲဥက္ကဋ္ဌဖြစ်သော ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျမ်မက်ဂိုဗင်က ဘက်လိုက်မည်ကို စိုးရိမ်သော်လည်း ရွေးကောက်ခံကော်မတီကို ဖွဲ့စည်းရန် မဲပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကို တရုတ်ဗိုင်းရပ်စ်အဖြစ် တံဆိပ်ကပ်ခြင်း ကဲ့သို့သော ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်၏ ပြောကြားချက်ကို ကိုးကားလျက်  မက်ဂိုဗင်က "အာရှမုန်းတီးရေး နေရာတစ်ခုအဖြစ်တော့ မဖြစ်သွား စေချင်ပါဘူး။” ဟု ဆိုသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကာသီက ယင်းအဖွဲ့သည် ပါတီဘက်လိုက်မှု ရှိမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။
"ကျွန်တော် ကတိပေးပါတယ်။ ဒါက ပါတီဘက်လိုက်တဲ့ ကော်မတီမဟုတ်ဘူး။ ဒါက နှစ်ပါတီ ကော်မတီပါ" ဟု မက်ကာသီက ဥပဒေကြမ်းအား ထောက်ခံရန် အောက်လွှတ်တော်အား တိုက်တွန်းရင်း ပြောကြားခဲ့သည်။
ကော်မတီသည် တရုတ်မှ အလုပ်အကိုင်များ အမေရိကန်သို့ ပြန်လည်ယူဆောင်ရေး၊ ဉာဏပစ္စည်းဆိုင်ရာ အာမခံ ချက်နှင့် နိုင်ငံတွင်း ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များ အမေရိကန်တွင် ပြည်လည်လုပ်ဆောင်ရေး စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း မက်ကာသီက ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly