သယံဇာတပေါကြွယ်ဝသော ရေကြောင်းဧရိယာတွင် လှုပ်ရှားနေသော တရုတ်ကမ်းခြေစောင့် သင်္ဘော ၁ စင်းကို စောင့်ကြည့်ရန် အင်ဒိုနီးရှားက မြောက်နာတူနာပင်လယ်သို့ စစ်သင်္ဘော ၁ စင်းကို စေလွှတ်ထားကြောင်း ရေတပ်ဦးစီးချုပ်က ဇန်နဝါရီလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်သင်္ဘော CCG 5901 သည် နာတူနာပင်လယ်ပြင်တွင် သွားလာနေပြီး အထူးသဖြင့် Tuna Bloc ဓာတ်ငွေ့ လုပ်ကွက်နှင့် ဗီယက်နမ်၏ Chim Sao ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်အနီးတွင် ဒီဇင်ဘာ ၃၀ ရက်ကတည်းက သွားလာနေခဲ့ကြောင်း သင်္ဘောခြေရာခံ အချက်အလက်များက ပြသနေသည်ဟု အင်ဒိုနီးရှားသမုဒ္ဒရာတရားမျှတရေး ဆောင်ရွက်မှုအဖွဲ့က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်ရေယာဉ်အားစောင့်ကြည့်ရန် စစ်သင်္ဘော ၁ စင်း၊ ရေကြောင်းကင်းလှည့်လေယာဉ်နှင့် ဒရုန်း ၁ စင်းတို့ကို စေလွှတ်ထားကြောင်း အင်ဒိုနီးရှားရေတပ်အကြီးအကဲ မိုဟာမက်အလီက Reuters သတင်းဌာနသို့ ပြောကြား ခဲ့သည်။
“တရုတ်သင်္ဘောက သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်တွေတော့ မလုပ်ခဲ့ပါဘူး ။ ဒါပေမယ့် အင်ဒိုနီးရှားရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) မှာ အချိန်အတော်ကြာ ရှိနေတာကြောင့် စောင့်ကြည့်ဖို့ လိုပါတယ်။” ဟု မိုဟာမက်က ဆိုသည်။
ကုလသမဂ္ဂပင်လယ်ပြင်ဆိုင်ရာဥပဒေသဘောတူညီချက် (UNCLOS) သည် သင်္ဘောများအား EEZ ကို ဖြတ်သန်းသွားလာခွင့် ပေးထားသည်။
အင်ဒိုနီးရှားရေနံတူးဖော်ရေးနှင့် သဘာဝဓာတ်ငွေ့ကြီးကြပ်ကွပ်ကဲမှုအဖွဲ့(SKK Migas) က Tuna Block ခေါ် တူနာရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အစီအစဉ်ကို အတည်ပြုခဲ့ပြီးနောက် တရုတ်သင်္ဘော၏ လှုပ်ရှားမှုကို တွေ့မြင်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက RFA ၏ တွဲဖက်သတင်းဌာန BenarNews သို့ အတည်ပြုပြောကြားခဲ့သည်။
တူနာရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းစတင်ချိန်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း SKK Migas ပြောရေးဆိုခွင့်ရှိသူ ကာမယ်လ်က ပြောသည်။
တောင်တရုတ်ပင်လယ်၏ တောင်ဘက်စွန်းသည် အင်ဒိုနီးရှား၏ သီးသန့်စီးပွားရေးဇုန်ဖြစ်ပြီး UNCLOS ဥပဒေအရ ယင်းဧရိယာကို မြောက်နာတူနာပင်လယ်ဟု ၂၀၁၇ ခုနှစ်တွင် အမည်ပေးခဲ့ကြောင်း အရှေ့တောင်အာရှ၏ အကြီးမားဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားက ပြောကြားခဲ့သည်။
တရုတ်ကမ်းခြေစောင့် သင်္ဘောကို စောင့်ကြည့်ရန် အင်ဒိုနီးရှားက စစ်သင်္ဘော စေလွှတ်
18 January 2023
တရုတ်ကမ်းခြေစောင့် သင်္ဘောကို စောင့်ကြည့်ရန် အင်ဒိုနီးရှားက စစ်သင်္ဘော စေလွှတ်