တရုတ်အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ဂျပန်အကြား မဟာမိတ်ဆက်ဆံရေး မြှင့်တင်ရန် သဘောတူ

By ANI 
18 January 2023
တရုတ်အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ဂျပန်အကြား မဟာမိတ်ဆက်ဆံရေး မြှင့်တင်ရန် သဘောတူ

အင်ဒို-ပစိဖိတ်ဒေသကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုမြင့်တက်လာချိန်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဇန်နဝါရီလ ၁၃ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာ မဟာဗျူဟာကို ဆွေးနွေးစဉ် နှစ်နိုင်ငံကြား မဟာမိတ်ဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူခဲ့ကြောင်း NHK World ဂျပန်သတင်းဌာနက ဖော်ပြထားသည်။
ကီရှီဒါနှင့် ဘိုင်ဒင်န်တို့သည် အိမ်ဖြူတော်တွင် ၂ နာရီကြာ ဆွေးနွေးခဲ့ကြပြီး ကီရှီဒါက ဂျပန်သည် ၎င်း၏လုံခြုံရေးဗျူဟာကို ကြီးကြီးမားမား ပြောင်းလဲခဲ့ကြောင်းနှင့် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုနှင့် တန်ပြန်တိုက်ခိုက်ရေးအစီအစဉ်များပါဝင်သည့် ပြုပြင်ပြောင်းလဲရေးများအကြောင်း ဘိုင်ဒင်အား အသေးစိတ် အသိပေးပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်က မိမိသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ဂျပန်နိုင်ငံ၏ လုံခြုံရေးဗျူဟာကို အလေးထားကြောင်းနှင့် လုံခြုံရေးဝန်းကျင်သည် ယခင်ကထက် ပိုမိုပြင်းထန်ပြီး ရှုပ်ထွေးကြောင်း ပြောကြားခဲ့သည်။
သမ္မတ ဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ပဋိပက္ခကို ရှောင်ရှားမည့် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ဝါရှင်တန်တွင် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုအပြီး အိမ်ဖြူတော်က ဇန်နဝါရီလ ၁၃ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 
"ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အခြေခံရပ်တည်ချက်တွေက မပြောင်းမလဲရှိနေတယ်ဆိုတာကို အလေးထားပြောကြားခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်" ဟု အိမ်ဖြူတော် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီသည် သြဂုတ်လအစောပိုင်းတွင် ထိုင်ဝမ်သို့ သွားရောက်ခဲ့ကာ တရုတ်ကို ဒေါသထွက်စေခဲ့ပြီးနောက် ထိုင်ဝမ်အနီး တင်းမာမှုအခြေအနေများ မြင့်တက်လာခဲ့သည်။ နောက်လများတွင်လည်း ပြင်သစ်၊ ဂျပန်နှင့် အခြားအနောက်နိုင်ငံများက ထိုင်ဝမ်သို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့သည့်အတွက် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ ပိုမိုကြီးထွားလာခဲ့သည်။
ဘိုင်ဒင်က ဂျပန်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး မဟာဗျူဟာသစ်၊ နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေးစွမ်းရည်တည်ဆောက်ရေး အစီအစဉ်တို့ကိုလည်း ချီးကျူးခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒီရင်းနှီးမြုပ်နှံမှုက အင်ဒို-ပစိဖိတ်ဒေသတစ်ခွင် လုံခြုံရေးကို အားကောင်းစေပြီး ၂၁ ရာစုမှာ အမေရိကန်-ဂျပန် ဆက်ဆံရေးကို တစ်ခေတ်ဆန်းစေမှာပါ” ဟု ဖော်ပြထားသည်။
ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းနှင့်ပတ်သက်၍ ပြည့်စုံပြီး ပွင့်လင်းမြင်သာသော ကူးစက်ရောဂါဗေဒနှင့် ဗိုင်းရပ်စ်မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ရပ်တန့်ရန်နှင့် ဖြစ်နိုင်ခြေရှိသော မျိုးကွဲအသစ်များကို ရှာဖွေရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကူညီရန် တရုတ်အား သမ္မတဘိုင်ဒင်နှင့် ဝန်ကြီးချုပ်ကီရှီဒါတို့က တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly