၂၀၂၂ အတွင်း ပင်လယ်ထဲ သေဆုံးသည့် ရိုဟင်ဂျာဦးရေ ‘စိုးရိမ်ဖွယ်’ မြင့်တက်ဟု ကုလသမဂ္ဂက ပြော 

၂၀၂၂ အတွင်း ပင်လယ်ထဲ သေဆုံးသည့် ရိုဟင်ဂျာဦးရေ ‘စိုးရိမ်ဖွယ်’ မြင့်တက်ဟု ကုလသမဂ္ဂက ပြော 

ပြီးခဲ့သည့်နှစ်က နိုင်ငံရင်း မြန်မာနိုင်ငံ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ပြေးကြပြီး ပင်လယ်တွင်း အသက်ဆုံးရှုံးရသည့် ရိုဟင်ဂျာဒုက္ခသည်ဦးရေသည် “စိုးရိမ်ဖွယ်” မြင့်တက်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် ဖော်ပြပြီး ညီညီညွတ်ညွတ် အရေးယူဖြေရှင်းခြင်းမရှိပါက အသက်ဆုံးရှုံးရမှုများ ပို၍ များလာမည်ဟု သတိပေးသည်။ 

၂၀၂၂ အတွင်း ပင်လယ်ဖြတ်ရန် ကြိုးပမ်းကြသော ရိုဟင်ဂျာပေါင်း ၃,၅၀၀ ကျော်ရှိရာ ယခင်နှစ်က ၇၀၀ ခန့်သာ ရှိခဲ့သည်ထက် ကြီးကြီးမားမား တိုးများလာခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က ပြောသည်။ 

“သေဆုံးမှု စိုးရိမ်ဖွယ် မြင့်တက်တာကို UNHCR အနေနဲ့ မှတ်တမ်းတင်ရပါတယ်၊ ၂၀၂၂ အတွင်း ပင်လယ်ထဲ ပျောက်ဆုံးသေဆုံးသူ ရိုဟင်ဂျာ ၃၄၈ ဦး ရှိတယ်၊ ဒါဟာ ၂၀၁၄ ကစပြီး အများဆုံး သေဆုံးမှုဖြစ်တယ်”ဟု ပြောခွင့်ရအမျိုးသမီး ရှာဘီယာ မန်တူးက ဂျီနီဗာတွင် သတင်းထောက်များအား ပြောသည်။ 

ပြီးခဲ့သည့်နှစ်က ပင်လယ်ကိုဖြတ်ရန် အဓိကအားဖြင့် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ရောက်ရှိခဲ့သည့် ရိုဟင်ဂျာပေါင်း ၃,၀၄၀ ရှိကြောင်း ၎င်းက ပြောသည်။ ၎င်းတို့တွင် ၄၅ ရာခိုင်နှုန်းနီးပါးက အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြသည်။ 

“လှေအများစုက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခဲ့ကြတာပါ၊ ဒီနှစ်နိုင်ငံမှာ ရိုဟင်ဂျာတွေကြား ကြံရာမရ ဖြစ်နေကြတာတွေ များပြားလာတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်”ဟု မန်တူးက ဆိုသည်။ 

“ကမ်းကပ်လာနိုင်သူတွေ အပြောအရတော့ အခြားနိုင်ငံတွေမှာ အကာအကွယ်၊ လုံခြုံမှု၊ မိသားစု ပြန်လည်ပေါင်းစည်းမှုနဲ့ အသက်မွေးဝမ်းကျောင်းတွေ တွေ့ရှိဖို့ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်လာကြတာလို့ ဆိုပါတယ်”ဟု ၎င်းက ပြောသည်။ 

“သူတို့တွေကြားမှာ လူကုန်ကူးမှု ခံရသူတွေ၊ ကလေးတွေနဲ့ ကွဲကွာရသူတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေလည်း ပါဝင်နေတယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ ဖြိုခွင်းမှုအတွင်း မွတ်စလင်လူနည်းစု ရိုဟင်ဂျာပေါင်းများစွာသည် လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့ခံရမှုများ ကြုံရသည့် ဇာတ်လမ်းများဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ 

လူအစုပြုံလိုက် ထွက်ပြေးမှုနောက် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ထိပ်တန်းတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရသည်။ 

ဒုက္ခဖြင့် စွန့်ပြေးလာကြသူများကို ကယ်တင်ရန်၊ ကမ်းကပ်ခွင့်ပေးရန် ရေကြောင်းအာဏာပိုင်များကို UNHCR ၏ တောင်းဆိုချက်များက လျစ်လျူရှုခံရပြီး များစွာသော လှေများသည် သီတင်းပတ်များစွာ ရေမျောနေရကြောင်း မန်တူးက ပြောသည်။ 

“ဘင်္ဂလားပင်လယ်အော်နဲ့ အန်ဒါမန်ပင်လယ်က လက်ရှိ အကျပ်အတည်းဟာ စည်းလုံးညီညွတ်မှု အကျပ်အတည်းပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ဒေသတွင်း အပြည့်အဝ တုံ့ပြန်မှု၊ လူကုန်ကူးမှုအား ဖြေရှင်းရေး၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများ ဆောင်ရွက်မှုနှင့် ရိုဟင်ဂျာဒုက္ခသည်များ ကမ်းကပ်ရာ နိုင်ငံများတွင် ထောက်ပံ့မှုများ ပေးအပ်ရေးတို့အတွက် UNHCR က တိုက်တွန်းလျက် ရှိသည်။ 

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ထွက်ပြေးသည့် ရင်းမြစ်အကြောင်းအရင်းများကို ဖြေရှင်းရေးလည်း လိုလားလျက်ရှိသည်။ 

တုံ့ပြန်မှု မရှိပါက ဘေးကင်းရာ ရှာဖွေရန် အန္တရာယ်များသည့် ခရီးကို ဖြတ်သန်းခြင်းများကြောင့် “ပင်လယ်ထဲ လူများစွာ သေဆုံးရလိမ့်ဦးမည်”ဟု မန်တူးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required