မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်ပတ်သက်မှုအတွက် အစ္စရေးနည်းပညာကုမ္ပဏီ Cogntye ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ ရှိနေ

မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်ပတ်သက်မှုအတွက် အစ္စရေးနည်းပညာကုမ္ပဏီ Cogntye ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ ရှိနေ

မြန်မာနိုင်ငံရှိ လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများကို အားပေးကူညီမှုအတွက် အစ္စရေး စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာကုမ္ပဏီ Cogntye Software Ltd နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အရာရှိများအပေါ် ဥပဒေကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး တင်ပြလျှောက်ထားလွှာတစ်ရပ် ရှိနေသည်။

အဆိုပါ လျှောက်ထားလွှာကို အစ္စရေး၏ ရှေ့နေချုပ်ထံ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ထိုလျှောက်ထားလွှာနှင့်ပတ်သက်ပြီး အမြန်ဆုံး ဆောင်ရွက်အရေးယူပေးရေး Justice for Myanmar (JFM) အဖွဲ့က အစ္စရေး ရှေ့နေချုပ်ကို တိုက်တွန်းတောင်းဆိုသည်။

ထို လျှောက်ထားလွှာသည် ၂၀၂၀ ပြည့်နှစ်က ပုံသေ ဒေတာအချက်အလက် တရားဝင် ကြားဖြတ်ဖမ်းယူမှု နည်းပညာဂိတ်ဝေးတစ်ခု တင်သွင်းမှုအတွက် နိုင်ငံပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ တင်ဒါတစ်ခု Cognyte ကုမ္ပဏီက အောင်မြင်ခဲ့သည် ဆိုသည်နှင့် ပတ်သက်နေသည်။ ထို နည်းပညာဂိတ်ဝေးကြောင့် မြန်မာစစ်တပ်အနေဖြင့် တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် နိုင်ငံရေးသမားများ၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်ဖမ်းယူနားထောင်နိုင်မည့် လုပ်နိုင်စွမ်းများ ရရှိနိုင်လိမ့်မည် ဖြစ်သည့်အတွက် ယင်းက မြန်မာစစ်တပ်၏ နိုင်ငံတကာ ပြစ်မှုများကို အားပေးအားမြှောက်ရာ ရောက်ကြောင်းကို Cognyte ကုမ္ပဏီက သိနေပြီးသားဖြစ်ကြောင်း လျှောက်ထားလွှာအရ သိရသည်။ ထိုအချိန်က မြန်မာပြည်သူများကို စစ်တပ်၏ ထောက်လှမ်းစောင့်ကြည့်မှုမှ ကာကွယ်ရန် မည်သည့် အကာအကွယ်အစီအစဉ်များမှ နေရာတကျ ရှိမနေခဲ့ပေ။

Cognyte ကုမ္ပဏီနှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် မြန်မာအာဏာသိမ်းစစ်တပ်အတွက် စောင့်ကြည့်ထောက်လှမ်းမှု နည်းပညာကိရိယာများ ရရှိနိုင်စေရန် ထောက်ပံ့ခြင်းအားဖြင့် လူသားထုအပေါ် ကျူးလွန်သော ပြစ်မှုများကို အားပေးကူညီပေးသလို မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများ ကျူးလွန်နေကြောင်းကို သိလျက်ဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း လျှောက်ထားလွှာတွင် ပြောသည်။ ယင်းအတွက်ကြောင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို အစ္စရေး၏ ပြစ်မှုဆိုင်ရာ ဥပဒေအောက်တွင် တရားစွဲဆိုသွားရေး ယင်းလျှောက်ထားလွှာတွင် တောင်းဆိုထားသည်။

သက်သေအထောက်အထားများကို ဖုံးဝှက်ဖျောက်ဖျက်ခြင်းနှင့် စုံစမ်းစစ်ဆေးမှုအပေါ် နှောင့်ယှက်ဟန့်တားမှုများ လုပ်လာနိုင်ခြင်းတို့ကို တားဆီးရန် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် Cognyte ရုံးများမှ သက်ဆိုင်ရာ စာရွက်စာတမ်းများကို အမြန်ဆုံး သိမ်းဆည်းရယူရန် အစ္စရေးအာဏာပိုင်များကို ယင်းက တောင်းဆိုသည်။

အစ္စရေး လွှတ်တော်ဥက္ကဋ္ဌဟောင်း အက်ဗ်ရာဟမ် ဘာ့ဂ်၊ လူသိများသော အတတ်ပညာရှင်များဖြစ်သည့် ပါမောက္ခ အီဗာ အီလော့ဇ် နှင့် ပါမောက္ခ ရုသ် ဟာကိုဟန် ပင့်စ်ဇိုဝါ နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် အစ္စရေးနိုင်ငံသား ၆၀ ကျော်၏ ကိုယ်စား တရားရုံးရှေ့နေ အစ်တေး မက်ခ်က ဇန်နဝါရီ ၂ ရက်တွင် အစ္စရေးရှေ့နေချုပ် ဂါလီ ဘာဟာရက်ဗ်-မီအာရာထံ တင်ပြလျှောက်ထားလွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

တင်ပြလျှောက်ထားလွှာအပေါ် အမြန်ဆုံး အရေးယူ ဖော်ထုတ်ဆောင်ရွက်ပေးရေး အစ္စရေးရှေ့နေချုပ်ကို JFM က တောင်းဆိုသည်။

Justice for Myanmar က ထုတ်ဖော်ခဲ့သည့် ပြင်ပသို့ ပေါက်ကြားသော စာရွက်စာတမ်းများတွင် Cognyte ၏ မြန်မာတင်ဒါ ကိစ္စ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် နိုင်ငံတွင် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် လူသားထုအပေါ် ကျူးလွန်သည့် ၎င်းတို့၏ ပြစ်မှုများကို ထောက်ကူပံ့ပိုးရန် ဒစ်ဂျစ်တယ် လက်နက်တိုက်တစ်ခုကို ခိုင်မာအောင် တည်ဆောက်ခဲ့သည်။ မြန်မာစစ်တပ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ်  ကျူးလွန်သော ပြစ်မှုများထဲတွင် လူ ၂,၇၀၀ ကျော် အသတ်ခံရမှုများ ပါဝင်သလို အခြားလူပေါင်း ၁၇,၂၀၀ ကျော်သည် မတရား ဖမ်းဆီးခံထားရကာ ၎င်းတို့သည် ပျံ့နှံ့ပေါ်ပေါက်သော ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်နေကြရသည်။

အာဏာသိမ်းစစ်တပ်သည် အွန်လိုင်းပေါ် စောင့်ကြည့်ထောက်လှမ်းမှုမှတစ်ဆင့် ကိုယ်ရေးကိုယ်တာ အီလက်ထရောနစ် ဆက်သွယ်ပြောဆိုမှုများကို ပုံမှန် စောင့်ကြည့်ခဲ့သလို ဒီမိုကရေစီ လိုလားသော ထောက်ခံသူများကို စစ်အုပ်စုက စောင့်ကြည့်ခဲ့သည်ဆိုသည့် သတင်းအများအပြား ရှိခဲ့ကြောင်းနှင့် စစ်တပ်သည် အာဏာသိမ်းရန် ကြိုးပမ်းမှုမတိုင်မီ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို ဝယ်ယူခဲ့ကြောင်းကို တွေ့ရှိထားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ယင်း၏ ၂၀၂၁ အစီရင်ခံစာတွင် ထုတ်ဖော်သည်။

MPT ကို မြန်မာစစ်အုပ်စုက ထိန်းချုပ်ပြီး ဂျပန် ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo Corporation တို့က ဖက်စပ် စီမံခန့်ခွဲသည်။

ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး တင်ပြတိုင်တန်းလွှာအပြင် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဖက် ကာကွယ်ရေး တင်ပို့မှုများဆိုင်ရာ ထိန်းချုပ်မှု အေဂျင်စီ (DECA) ထံ စာတစ်စောင် ပေးပို့ထားပြီး မြန်မာနိုင်ငံသို့ ကြားဖြတ်စောင့်ကြည့်ထောက်လှမ်းမှု နည်းပညာကိရိယာများ တင်ပို့မှုနှင့်ပတ်သက်ပြီး Cognyte ထံ ပေးအပ်ခဲ့သော ပို့ကုန်နှင့် မာကတ်တင်း လိုင်စင်များကို ချက်ချင်း ပြန်လည်ပယ်ဖျက်ရေး တောင်းဆိုထားသည်။

ယခင်က Verint Systems အဖြစ် သိခဲ့သည့် Cognyte သည် တောင်ဆူဒန် အပါအဝင် နာမည်ဆိုးထွက်သော အစိုးရများထံ စောင့်ကြည့်ထောက်လှမ်းမှု နည်းပညာ ရောင်းချပေးခဲ့သည့် သမိုင်းကြောင်းတစ်ခု ရှိသည်။ ယင်းသည် ဖေ့ဘွတ်ခ်မှလည်း ပိတ်ပင်ခံထားရသည်။ ပြီးခဲ့သည့်လကလည်း လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် Cognyte ကို ဖယ်ထုတ်ရန် နော်ဝေ၏ အစိုးရရန်ပုံငွေအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

Cognyte သည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သည့် ခိုင်သစ္စာ ကုမ္ပဏီနှင့် မိတ်ဖက်ပြုထားပြီး ခိုင်သစ္စာကုမ္ပဏီ၏ ပိုင်ရှင်သည် ဆက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် Bamar Pte Ltd မှတစ်ဆင့် စစ်တပ်အတွက် လက်နက်ဝယ်ယူပေးသွင်းသည့် ပွဲစားအဖြစ် လုပ်ကိုင်ကြောင်းကို JFM က မကြာသေးခင်က ဖော်ထုတ်သိရှိထားသည်။ ခိုင်သစ္စာ ကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယင်း၏ ဝက်ဘ်ဆိုဒ်ကို ပြင်ဆင်ဖြည့်စွက်ရာတွင် Cognyte ကို မိတ်ဖက်နှင့် ရောင်းချသူ လုပ်ငန်းတစ်ခုအဖြစ် ထည့်သွင်းထားသည်။

ခိုင်သစ္စာ ကုမ္ပဏီသည် နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပြီး ရှစ်လကျော်အကြာ ၂၀၂၁ အောက်တိုဘာလတွင် Cognyte ထံမှ ငွေပေးချေမှုတစ်ခုကို လက်ခံရရှိခဲ့သည်ဟု JFM ၏ သတင်းရင်းမြစ်တစ်ဦးအရ သိရသည်။

၂၀၁၈ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ စစ်လက်နက်များ တင်ပို့သည့် အစ္စရေးနိုင်ငံသားများက ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို အားပေးကူညီနေခြင်းအပေါ် စုံစမ်းစစ်ဆေးရန် အစ္စရေး တရားရုံးရှေ့နေ အီတေး မက်ခ်က လျှောက်ထားလွှာတစ်စောင် တင်ပြတိုင်တန်းခဲ့သည်။ ထို့ပြင် မြန်မာလက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ်၊ ၎င်း၏ လုပ်ငန်းစုဖြစ်သည့် Star Sapphire Group နှင့် အစ္စရေး လက်နက်ကုမ္ပဏီများ ပတ်သက်နေမှုအတွက် အကျင့်ပျက်ခြစားမှုအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး အီတေး မက်ခ်က ၂၀၂၂ တွင်လည်း တင်ပြလျှောက်ထားလွှာတစ်စောင် ပန်ကြားတင်ပြခဲ့သည်။

၂၀၁၈ ခုနှစ် တင်ပြတိုင်တန်းလွှာသည် ယခုထက်ထိ ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုဆီ မရောက်ရှိသေးခြင်းအပေါ် JFM က စိုးရိမ်ပူပန်ပြီး ထိုကိစ္စကို မြန်ဆန်သွက်လက်စွာ လုပ်ဆောင်ရေး တောင်းဆိုသည်။

“Cognyte ကုမ္ပဏီနဲ့ အစ္စရေး တာဝန်ရှိသူတွေအပေါ် တိုင်တန်းမှု ထွက်ပေါ်ခဲ့တာက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေမှာ မြန်မာစစ်တပ် အသုံးပြုတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာတွေကို အစ္စရေးဘက်က ထောက်ပံ့ပေးတာနဲ့ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်စေပါတယ်” ဟု JFM မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“မြန်မာပြည်သူတွေကို စစ်တပ်ရဲ့ ထောက်လှမ်းစောင့်ကြည့်မှုကနေ ကာကွယ်ပေးမယ့် အကာအကွယ် အစီအစဉ်တွေ ရှိမနေတဲ့ အခြေအနေတစ်ခုအောက်မှာနဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်မှု ကျူးလွန်မှုနောက်ပိုင်းမှာ Cognyte နဲ့ MPT ရဲ့ စာချုပ် ထွက်ပေါ်လာတာဖြစ်တယ်”

“မြန်မာနိုင်ငံမှာရှိတဲ့ Cognyte ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို အစ္စရေး တာဝန်ရှိသူတွေက အတည်ပြုပေးခဲ့တာနဲ့ အဲဒီလုပ်ငန်းဟာ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုအပြီးမှာ ဆက်ရှိနေခဲ့တယ်ဆိုတာကတော့ လက်သင့်ခံနိုင်စရာကို မရှိပါဘူး”

“နိုင်ငံတကာ ပြစ်မှုတွေကို အားပေးကူညီရင်းနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်တွေနဲ့ နှစ်မျိုးနှစ်လှယ်သုံးနိုင်တဲ့ ပစ္စည်းတွေ ထောက်ပံ့မှုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ Cognyte က တာဝန်ရှိသူတွေနဲ့ အစ္စရေး တာဝန်ရှိသူတွေအနေနဲ့ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ခံရပါလိမ့်မယ်”

“Cognyte ရဲ့ MPT နဲ့ စီးပွားရေးပတ်သက်လုပ်ကိုင်မှုကြောင့်လည်း MPT ရဲ့ ဖက်စပ် လုပ်ကိုင်သူတွေဖြစ်ကြတဲ့ KDDI နဲ့ Sumitomo Corporation တို့ဟာ သူတို့ လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ပျက်ကွက်နေတယ်ဆိုတဲ့အပေါ် ကြီးလေးတဲ့ မေးခွန်းတွေ ထွက်ပေါ်စေပါတယ်”

“မြန်မာအာဏာသိမ်းစစ်တပ်အတွက် နည်းပညာနဲ့ ဘဏ္ဍာရေး အကူအညီအားလုံးကို အမြန်ဆုံး အဆုံးသတ်ဖို့နဲ့ ဒါမှမဟုတ် တာဝန်သိစွာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ KDDI နဲ့ Sumitomo Corporation တို့ကို မိမိတို့ တိုက်တွန်းပါတယ်”

“ဒီ ကုမ္ပဏီတွေ မြန်မာစစ်အုပ်စုအတွက် ထောက်ကူပံ့ပိုးပေးနေတာကို အမြန်ဆုံး ရပ်ဆိုင်းစေဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းစေဖို့အတွက် Cognyte ၊ KDDI နဲ့ Sumitomo Corporation တို့မှာ ရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ အရှိန်အဝါကို သုံးပြီး ဖိအားပေးသင့်ပါတယ်”

ခိုင်သစ္စာ ကုမ္ပဏီ လီမိတက်၊ အခြား စစ်တပ်ပွဲစားတွေအားလုံးနဲ့ ပါဝင်ပတ်သက်နေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တာ အပါအဝင် မြန်မာအာဏာသိမ်းစစ်တပ်က စောင့်ကြည့်ထောက်လှမ်းမှု ကိရိယာတွေ၊ လက်နက်တွေနဲ့ ငွေကြေးတွေ ရယူနိုင်မှုအပေါ် ဖြတ်တောက်ဖို့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ အမြန်ဆုံး ပိုမိုအားထုတ် လုပ်ဆောင်ရပါလိမ့်မယ်”

“အစ္စရေးဟာ စစ်လက်နက်တွေ၊ လေ့ကျင့်သင်ကြားမှုနဲ့ စစ်ရေးအသိပညာတွေအပါအဝင် စစ်ဖက် အကူအညီတွေကနေတစ်ဆင့် မြန်မာစစ်တပ်ရဲ့ ထူထောင်မှုနဲ့ ဖွဲ့စည်းမှုမှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ထားခဲ့တယ်။ မြန်မာစစ်တပ်ဟာ အာဏာကို တရားမဝင် ရယူဖို့ ကြိုးပမ်းရင်း မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဒါတွေကို အသုံးပြုထားတယ်” ဟု တရားရုံးရှေ့နေ အီတေး မက်ခ်က ပြောသည်။

“အစ္စရေး တရားရုံးချုပ်ဆီ တင်ပြတဲ့ တင်ပြတောင်းဆိုစာတစ်စောင်နဲ့ အများပြည်သူနဲ့ မီဒီယာရဲ့ အကြီးအကျယ် ဝေဖန်မှုတွေကြောင့် ၂၀၁၈ ခုနှစ်အစပိုင်းမှာ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာကို အစ္စရေး စစ်ဖက် တင်ပို့မှုအားလုံး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့သလို အစ္စရေး စစ်ဖက်ကာကွယ်ရေးပစ္စည်းထုတ် ကုမ္ပဏီအားလုံးကလည်း အဲဒီမှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းခဲ့တယ်လို့ သိခဲ့ရတယ်။ ဒါက အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ဂျာနယ်လစ်တွေ၊ လွှတ်တော်အမတ်တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေ ထပ်တလဲလဲ ကြားရတဲ့ ကိစ္စဖြစ်တယ်”

“ခုအချိန်မှာ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဟာ လိမ်ညာထားခဲ့တယ် ဆိုတာအပြင် နိုင်ငံတကာ ဥပဒေ၊ ကျင့်ဝတ်တွေထက် မြန်မာစစ်တပ်နဲ့ အကြား သူတို့ရဲ့ အကျိုးစီးပွားတွေအပေါ် နောက်တစ်ကြိမ် ဦးစားပေးခဲ့တယ်ဆိုတာကို JFM က သက်သေပြထားနိုင်ခဲ့ပါတယ်”

“အန္တရာယ်က သီအိုရီသက်သက် မဟုတ်ပါဘူး။ မြန်မာစစ်တပ်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေကို လိုက်လံထောက်လှမ်းရှာဖွေရာမှာ Cognyte ရဲ့ ကြားဖြတ် စနစ်က အကူအညီပေးနိုင်ပါတယ်။ Cognyte ရဲ့ ကြားဖြတ်ထောက်လှမ်းမှုစနစ်ရဲ့ အကူအညီကြောင့် မြန်မာနိုင်ငံမှာ တည်နေရာသိ၊ ဖမ်းဆီးခံရတဲ့ လူတစ်ဦးတစ်ယောက်တိုင်းရဲ့ ကံကြမ္မာကတော့ အဆိုးဆုံး ကြောက်မက်ဖွယ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်”

“Cognyte ဟာ မြန်မာနိုင်ငံမှာ သူ့ဘာသာ လုပ်ကိုင်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာကို ကုမ္ပဏီရဲ့ နည်းပညာစနစ်တွေ လွှဲပြောင်းပေးဖို့အတွက် ပို့ကုန်လိုင်စင်တစ်ခု လိုပါတယ်။ မြန်မာမှာ တင်ဒါရယူမှုမှာ Cognyte ပါဝင်တာကလည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆီက မာကက်တင်း လိုင်စင်တစ်ခု လိုပါတယ်”

“ဒါကြောင့်လည်း Cognyte အပြင် မြန်မာနိုင်ငံက သူတို့ရဲ့ လုပ်ငန်းကို ခွင့်ပြုပေးခဲ့တဲ့ အစ္စရေးတာဝန်ရှိသူအားလုံးကို ဥပဒေအတိုင်း ရုံးတင်တရားစွဲ အရေးယူသွားရပါလိမ့်မယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required