မန္တလေးတွင် လူဦးရေစာရင်းကောက်သည့်ကိစ္စဖြင့် ၁၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

By 007 (မဇ္စျိမ)
18 January 2023
မန္တလေးတွင် လူဦးရေစာရင်းကောက်သည့်ကိစ္စဖြင့် ၁၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

မန္တလေး(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် လူဦးရေစာရင်းကောက်သည့်ကိစ္စဖြင့်၊ တစ်ပတ်အတွင်းပစ်ခတ်တိုက်ခိုက်ခံရမှု ၁၆ ကြိမ်ထက်မနည်းရှိခဲ့ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေဆုံးခဲ့သည်။

ဒေသကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့များက၊ စစ်ဆင်ရေးအသွင်သဏ္ဍန်အဖြစ် ဇန်နဝါရီလ ၁၁ ရက်နေ့က စ၍၊ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

မဇ္စျိမကရရှိထားသည့် အချက်အလက်များအရ ဇန်နဝါရီလ ၁၁ ရက်မှ ၁၈ ရက်အတွင်း၊ လူဦးရေစာရင်းကောက်သည့်ကိစ္စဖြင့် ၁၆ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး၊ တစ်ကြိမ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ကို နေအိမ်ထဲအထိ ၀င်ရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

ဒေသအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော No More Dictatorship People Defence Force-NMD သည်၊ မဟာအောင်မြေနှင့်ချမ်းမြသာစည်မြို့နယ်တို့တွင် လူဦးရေစာရင်းကောက်နေသည့်စစ်အုပ်စုကို၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တစ်ရက်တည်း ငါးကြိမ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အမရပူရမြို့ နယ်လ၀ကရုံးနှင့်အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်ရုံးတို့ကိုတစ်ကြိမ်စီ၊ နောက်တစ်ရက်ညနေ ပိုင်းတွင် မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ်ရပ်ကွက်ရုံးကို တစ်ကြိမ် စုစုပေါင်းရှစ်ကြိမ် ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ဆိုသည်။
အလားတူ Special Task Force Mandalay(STF-MDY) ကလည်း၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံး ဥသျှောင်ရပ်ကွက်ဓမ္မရုံတစ်ခုအတွင်း၊ လူဦးရေစာရင်းကောက်သည့်ကိစ္စဖြင့် စုဝေးနေသည့်အုပ်စုကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ ညီနောင်မဟာမိတ်သုံးဖွဲ့ပူးပေါင်းထားသည့် မြနန္ဒာစစ်ဆင်ရေးကလည်း၊ မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက်ရုံးနှင့် ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရုံးအနီး၊ လူဦးရေ စာရင်းကောက်နေသည့်စစ်အုပ်စုကို၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ၎င်းနှင့် Acid Army PDF-MDY တို့ပူးပေါင်းပြီး၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (စ)ရပ်ကွက်ရုံးနှင့် သင်ပန်းကုန်းရဲကင်းစခန်းတို့ကိုလည်းကောင်း၊ ရွေးကောက်ပွဲကိစ္စသတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ၎င်းအဖွဲ့သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဆက်လက်၍၊ Generation Z Power (GZP-Mandalay)နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းမှုဖြင့်၊ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၁၆ ရက်နေ့က ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများတွင်၊ လူဦးရေစာရင်းကောက်ယူသူများ ထိခိုက်သေဆုံးမှုတို့ရှိခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့များဘက်က သတင်းထုတ်ပြန်ကြသော်လည်း၊ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇန်နဝါရီလ ၁၅ ရက်နေ့ဖြစ်စဉ်တွင်၊ လူဦးရေစာရင်းကောက်ယူကိစ္စဖြင့်အလုပ်များနေသည့်၊ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးစောဆိုသူ နေအိမ်အတွင်းမှာပင် ပစ်သတ်ခံလိုက်ရသည်။

၎င်းပစ်ခတ်မှုကိုတော့ Special Task Force Mandalay(STF-MDY)ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထုတ်ပြန်သည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း၊ ဇန်နဝါရီလ ၉ ရက်နေ့ကစ၍၊ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းလိုက်ကောက်နေပြီး၊ အဖွဲ့တစ်ဖွဲ့လျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအ၀င် ထွေအုပ်၀န်ထမ်းနှစ်ဦး၊ မြို့နယ်အဆင့် လ၀ကအရာရှိတစ်ဦး၊ အရပ်၀တ် စစ်ကောင်စီတပ်သားနှစ်ဦးပါ၀င်ကြောင်း၊ Volunteer အဖြစ် မီးသတ်တပ်ဖွဲ့၀င် နှစ်ဦးပါ၀င်ကြောင်း၊ တချို့ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးတည်းကပဲ၊ စာရင်းလာရောက်ကောက်ယူသွားကြောင်း ဒေသခံများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးမြို့
#မြို့ပြပြောက်ကျားတပ်ဖွဲ့များ
#ချမ်းအေးသာစံမြို့နယ်
#လူဦးရေစာရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required