ဒေသတွင်း အခင်းအကျင်းကို ကူညီထိန်းညှိပေးရန် ဂျာမနီကို ထိုင်ဝမ် တောင်းဆို

By The Straits times
17 January 2023
ဒေသတွင်း အခင်းအကျင်းကို ကူညီထိန်းညှိပေးရန် ဂျာမနီကို ထိုင်ဝမ် တောင်းဆို

တရုတ်က ဝေဖန်ရှုတ်ချခဲ့သော ဂျာမနီအကြီးတန်းလွှတ်တော်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်အတွင်းတွင် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ဒေသတွင်းအခင်းအကျင်းကို ကူညီထိန်းညှိပေးရန် ဇန်နဝါရီလ ၁၀ ရက်ကပြုလုပ်သည့် အစည်းအဝေး၌ တောင်းဆိုလိုက်သည်။
ထိုင်ဝမ်အနီးတွင် ဩဂုတ်လအတွင်းက တရုတ်၏ စစ်ရေးလှုပ်ရှားများအပါအဝင် အရှိန်မြှင့်လာသော စစ်ရေးခြိမ်း ခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်နေ သည့် ထိုင်ဝမ်သည် အနောက်ဒီမိုကရေစီမဟာမိတ်များ၏ ပံ့ပိုးမှုကြောင့် အားတက်ခဲ့သည်။
တရုတ်က ထိုင်ဝမ်အား လိုအပ်ပါက အင်အားသုံး၍ ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရမည့် ခွဲထွက်ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ထိုင်ဝမ်က ယင်း၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို စောင့်ရှောက်မည်ဟု ပြောကြားထားသည်။
စိုင်အင်ဝမ်သည် သမ္မတရုံးတွင် ဂျာမနီလွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ်အတွင်း အာဏာရှင်နယ်ချဲ့မှုကို ရင်ဆိုင်ရာတွင် ဒီမိုကရေစီနိုင်ငံများက အတူတကွ ရပ်တည်ရမည်ဟု ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရဲ့ စစ်မှုမထမ်းမနေရသက်တမ်းကို ၂၀၂၄ ခုနှစ်က စပြီး ၁ နှစ် သတ်မှတ်သွားမှာပါ။ ဒါဟာ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်သလို ဇာတိမြေကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ပေးမယ့် ကျွန်မတို့ရဲ့ သန္နိဋ္ဌာန်ကို ပြသလိုက်တာပါ” ဟု ဒီဇင်ဘာလက ကြေညာချက်ကို ကိုးကား၍ စိုင်က ပြောကြားခဲ့သည်။
"ထိုင်ဝမ်၊ ဂျာမနီနဲ့ တခြား ဒီမိုကရေစီမိတ်ဖက်နိုင်ငံတွေက ဒေသတွင်း အခင်းအကျင်းနဲ့ သာယာ ဝပြောရေးအတွက် ပူးပေါင်းထိန်းသိမ်းမယ်လို့ မျှော်လင့်ပါတယ်။" ဟု စိုင်အင်ဝမ်က ပြောသည်။
ဂျာမနီသည် နိုင်ငံအများစုကဲ့သို့ပင် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးမရှိသော်လည်း တရုတ်နှင့် ဆက်ဆံရေးကို ပိုမိုသတိထားလာကာ ယင်းနိုင်ငံအပေါ် မှီခိုမှုကို လျှော့ချရန် ရည်ရွယ်သည့် မဟာဗျူဟာသစ်ကို လုပ်ဆောင်နေသည်။
ဂျာမနီ ပါလီမန်ကာကွယ်ရေး ကော်မတီအကြီးအကဲ မာရီအန်းနက်စ် ဇန်မာမန်းက ဂျာမနီနှင့် ထိုင်ဝမ်တို့သည် မိတ်ဆွေများ ဖြစ်ကြောင်း စိုင်အင်ဝမ်အား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမနီ၏ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ရပ်များကို သွယ်ဝိုက်ညွှန်းဆိုလျက် ခရီးစဉ်အပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly