ဝီဂါအရေး တရုတ်ဝါဒဖြန့်မှုကို ထောက်ခံသည့် မွတ်စလင်နိုင်ငံများကို အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ ရှုတ်ချ

By ANI 
17 January 2023
ဝီဂါအရေး တရုတ်ဝါဒဖြန့်မှုကို ထောက်ခံသည့် မွတ်စလင်နိုင်ငံများကို အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ ရှုတ်ချ

ဝါရှင်တန်အခြေစိုက် အဝေးရောက်အရှေ့တာကစ္စတန်အစိုးရ (ETGE) က ဝီဂါများအကြောင်း တရုတ်ဝါဒဖြန့်မှုကို ထောက်ခံသော မွတ်စလင်နိုင်ငံများကို ရှုတ်ချလိုက်သည်။
အရှေ့တာကစ္စတန်နှင့် ပတ်သက်ပြီး တရုတ်၏ ဝါဒဖြန့်မှုကို ထောက်ခံမည့်အစား ဝီဂါနှင့် အခြားသော တာကစ် နွယ်ဝင် လူမျိုးများအပေါ် တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ရန် မွတ်စလင်နိုင်ငံများကို ETGE က တောင်းဆိုထားသည်။
" ကမ္ဘာ့မွတ်စလင်အသိုက်အဝန်းကောင်စီ (TWMCC)  ကိုယ်စားလှယ်အဖွဲ့က သိမ်းပိုက်ခံထားရသော အရှေ့ တာကစ္စတန်သို့ သွားရောက်ပြီး ဝီဂါနှင့် အခြားသော တာကစ်နွယ်ဝင်လူမျိုးများအား လူမျိုးတုံးသတ်ဖြတ် မှုအပေါ် အကြောင်းပြချက်ကောင်းပေးရန် အသုံးပြုသည့် အစွန်းရောက်မှုနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဟူသော  တရုတ် လုပ်ဇာတ်များကို အရှက်သိက္ခာကင်းမဲ့စွာ ထောက်ခံနေခြင်းအား ETGE က ပြင်းထန်စွာ ရှုတ်ချပါသည်”ဟု ETGE ယာယီ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အဇစ်ဆူလမန်က ပြောကြားခဲ့သည်။
“ခရီးစဉ်အတွင်းမှာ အလီအယ်လ်နူရာမီက ဝီဂါနဲ့ အခြားတာကစ်နွယ်ဝင်လူမျိုးတွေအပေါ် တရုတ်အစိုးရ ဆက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ချီးကျူးခဲ့ပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနဲ့ အစွန်းရောက်ဝါဒဆန့်ကျင်ရေးဆိုတဲ့ တရုတ်အစိုးရရဲ့ ဝါဒဖြန့်မှုကို သံယောင်လိုက် ပြောကြားခဲ့ပါတယ်” ဟု အဇစ်ဆူလမန်က ပြောသည်။
နိုင်ငံပေါင်း ၁၄ နိုင်ငံမှ အစ္စလာမ်ပညာတော်သင်များသည် ရှင်ကျန်းဟုခေါ်သည့် သိမ်းပိုက်ခံထားရသော အရှေ့တာကစ္စတန်သို့ သွားရောက်ခဲ့ပြီး အရှေ့တာကစ္စတန်ဆိုင်ရာ တရုတ်၏ပြောကြားချက်များကို ထောက်ခံအားပေးခဲ့ကြောင်း ဇန်နဝါရီလ ၉  ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တရားဝင်အာဘော် ဖြစ်သော Global Times က ဖော်ပြခဲ့သည်။
" ကမ္ဘာ့မွတ်စလင်အသိုက်အဝန်းကောင်စီ (TWMCC) ဦးဆောင်မှုဖြင့်  ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဆီးရီးယား၊ ဘာရိန်း၊ တူနီးရှား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကူဝိတ်နှင့် တောင်ဆူဒန်တို့ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံမှ အစ္စလာမ်များနှင့် ပညာရှင် ၃၀ကျော် ပါဝင်သည့် မွတ်စလင် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သိမ်းပိုက်ခံ အရှေ့တာကစ္စတန်သို့ မကြာသေးမီက သွားရောက်ခဲ့ပြီး အရှေ့တာကစ္စတန်တွင် ဆက်လက်တည်ရှိနေသော ကိုလိုနီပြုမှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် သိမ်းပိုက်မှုတို့ကို ငြင်းဆို ဖုံးကွယ်သည့် တရုတ်၏ ကြိုးပမ်းမှုများအတွက် ဝါဒဖြန့်ချိရေးလက်နက်အဖြစ် ဆောင်ရွက်ခဲ့သည်။” ဟု မီဒီယာသတင်းများက ဖော်ပြခဲ့သည်။ 
ကမ္ဘာ့မွတ်စလင်အသိုက်အဝန်းကောင်စီ (TWMCC) ဥက္ကဋ္ဌ ဒေါက်တာ အလီအယ်လ်နူရာမီဦးဆောင်သော မွတ်စလင်ကိုယ်စားလှယ်အဖွဲ့အား သိမ်းပိုက်ခံ အရှေ့တာကစ္စတန်ရှိ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မာရှင်းယွီက ကြိုဆိုခဲ့သည်။
"တရုတ်စိတ်ကျေနပ်စေဖို့ ကမ္ဘာ့မွတ်စလင်အသိုင်းအဝန်းကောင်စီရဲ့ အရှက်ကင်းမဲ့တဲ့ ကြိုးပမ်းမှုတွေနဲ့ အရှေ့ တာကစ္စတန်ရဲ့ လွတ်မြောက်ရေး၊ လွတ်လပ်ရေးနဲ့ ဂုဏ်သိက္ခာအတွက် မျှတတဲ့ ကြိုးပမ်းမှုတွေကို အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒလို့ ခေါင်းစဉ်တပ်တာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။” ဟု ETGE ၏ ဝန်ကြီးချုပ် ဟူဒေယာက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly