ဗြိတိန်အစိုးရပိုင် မော်တော်ကားများကို ခြေရာခံစောင့်ကြည်သည်ဆိုသောစွပ်စွဲချက်ကို လုပ်ကြံသတင်းအဖြစ် တရုတ် ငြင်းဆို

By RFA
17 January 2023
ဗြိတိန်အစိုးရပိုင် မော်တော်ကားများကို ခြေရာခံစောင့်ကြည်သည်ဆိုသောစွပ်စွဲချက်ကို လုပ်ကြံသတင်းအဖြစ် တရုတ် ငြင်းဆို

တရုတ်နိုင်ငံထုတ် ဆင်းမ်ကဒ်တစ်ခုသည် တရားဝင်လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြေရာခံနိုင်သည်ဟု ဗြိတိန်လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားသည်။
ပြည်ပသို့ တရုတ်စိမ့်ဝင်ထိုးဖောက်မှုအပေါ် စိုးရိမ်မှုများတိုးလာချိန်တွင် တရုတ်နိုင်ငံသည် ဗြိတိန်အစိုးရပိုင် မော်တော်ကားများတွင် ခြေရာခံကိရိယာများ တပ်ဆင်ထားသည့်ဆိုသည့် သတင်းကို ငြင်းဆိုထားပြီး ယင်းစွပ်စွဲချက်များသည် ကောလာဟလ သက်သက်သာဖြစ်ကြောင်း  ပြောကြားခဲ့သည်။
သူလျှိုဆော့ဖ်ဝဲနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်လာသဖြင့် ထောက်လှမ်းရေးအရာရှိများသည် မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးမှုများခဲ့ပြီးနောက် အစိုးရကားတစ်စီးတွင် တရုတ်ခြေရာခံကိရိယာကို တွေ့ရှိခဲ့ကြောင်း The i သတင်းစာက ဇန်နဝါရီလ ၆ ရက်တွင် ဖော်ပြခဲ့သည်။
အစိုးရနှင့် သံတမန်မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ တည်နေရာအချက်အလက်များကို ပေးပို့နိုင်သည့် အနည်းဆုံး ဆင်းမ်ကဒ်တစ်ခုကို ရှာတွေ့ခဲ့သည်ဟု လုံခြုံရေးရင်းမြစ်တစ်ခုကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံဟာ ဗြိတိန် မော်တော်ကားတွေရဲ့ တည်နေရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ မလိုအပ်သလို စိတ်ပါဝင်စားမှုလည်း မရှိပါဘူး။ဗြိတိန်ကလူတချို့က မမှန်မကန်သတင်းဖြန့်နေတာကို ရပ်ဖို့ ကောင်းတယ်” ဟု လန်ဒန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက သံရုံးဝက်ဘ်ဆိုက် ကြေညာချက်တွင် ရေးသားထားသည်။
အဆိုပါ ပစ္စည်းသည် တရုတ်နိုင်ငံမှ တင်သွင်းခဲ့ကာ မော်တော်ယာဉ်ထုတ်လုပ်သူမှ တပ်ဆင်ထားသည့် အလုံပိတ်အစိတ်အပိုင်းတစ်ခုအတွင်းတွင် ရှိနေပြီး ယာဉ်အသွားအလာ အသေးစိတ်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြန်မလည်ပေးပို့နိုင်ကာ အချက်အလက်များကို လက်ခံရရှိသူသည် လှုပ်ရှားမှုအားလုံးကို အပြည့်အဝ ပုံဖော်ကြည့်နိုင်သည်ဟု ဆိုသည်။
သံရုံးပြောရေးဆိုခွင့်ရှိသူက အဆိုပါသတင်းသည် တရုတ်စီးပွားရေးလုပ်ငန်းများကို အပုပ်ချရန်နှင့် ဖြန့်ဖြူးထုတ်လုပ်ရောင်းချမှုများကို နှောင့်ယှက်ရန် နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်ရှိ လူမှုဘဝကဏ္ဍပေါင်းစုံသို့ တရုတ်ကွန်မြူနစ်ပါတီ၏ စိမ့်ဝင်မှုအပေါ် စိုးရိမ်မှုများ တိုးလျက်ရှိပြီး လန်ဒန်အရှေ့ပိုင်းရှိ သမိုင်းဝင် အဆောက်အအုံတစ်ခုနေရာတွင် တရုတ်၏အထူးသံရုံးသစ်ကို တည်ဆောက်ခွင့်မပြုရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်ချက်ချပြီးနောက် ဗြိတိန်အစိုးရကားများတွင် တရုတ်၏ခြေရာခံပစ္စည်းတွေ့ရှိသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်ကောင်စစ်ဝန်ရုံးအတွင်း ဟောင်ကောင်ဆန္ဒပြသူတစ်ဦး တိုက်ခိုက်ခံရမှုအား စုံစမ်းခြင်းနှင့် ဗြိတိန်တက္ကသိုလ်များသို့ တရုတ်ကွန်မြူနစ်ပါတီမှ ထိုးဖောက်ဝင်ရောက်မှု တိုးလာကြောင်း သတိပေးချက်များ အပါအဝင် ပြည်ပအစိုးရများ၏ စိမ့်ဝင်မှုနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ဆောင်ချက်များကို တားဆီးရန် ရည်ရွယ်သည့် အစီအမံများကို ချမှတ်နေကြောင်း ဗြိတိန်တာဝန်ရှိသူများက နိုဝင်ဘာလတွင် ပြောကြားထားသည်။
မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင်း ဟောင်ကောင်ဆန္ဒပြသူတစ်ဦးအား ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြောင်း ဝန်ခံခဲ့သည့် ကောင်စစ်ဝန်ချုပ်အပါအဝင် သံတမန် ၆ ဦးကို တရုတ်အစိုးရက ဗြိတိန်မှ လွန်ခဲ့သည့်လက ပြန်လည်ခေါ်ယူခဲ့ပြီး သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့်များကိုရုပ်သိမ်းကာ ဆန္ဒပြသူ ဘော့ချမ်းအား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး  မန်ချက်စတာ ရဲတပ်ဖွဲ့၏ စစ်ဆေးစစ်ဆေးမှုကို ခံယူရန် သဘောတူခဲ့သည်။ 
လွှတ်တော်နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ၊ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် အလီရှာကာရန်က နည်းပညာအာဏာရှင်နိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရေး သတင်းအချက်အလက်လုံခြုံရေး ပိုမိုဆောင်ရွက်ရန် တောင်းဆိုထားသည်။
“ဒီဆင်းမ်ကဒ်တွေကို မရိုးမသားနဲ့ တပ်ဆင်ထားတာဟာ တရုတ်က သူလျှိုလုပ်တာပဲ” ဟု ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ အာဏာရ ကွန်ဆာဗေးတစ်ပါတီ ပါလီမန်အမတ် အဲလစ်ရှာကန်းစ်က တရုတ်ကွန်မြူနစ်ပါတီကို ရည်ရွယ်ပြီး ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly