ဝီဂါများအား တူရကီကူညီထောက်ပံ့ခြင်းအပေါ် တရုတ်ဒေါသထွက်

By Inside Over
16 January 2023
ဝီဂါများအား တူရကီကူညီထောက်ပံ့ခြင်းအပေါ် တရုတ်ဒေါသထွက်

တရုတ်သည် နိုင်ငံအတွင်းရှိ မွတ်စလင်ကြီးစိုးသောလူနည်းစုများထဲမှ လူမျိုးစုတစ်စုဖြစ်သည့် ဝီဂါများအပေါ် ဖိနှိပ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲပြောဆိုထားသည်။ တရုတ်နိုင်ငံသည် ထောင်နှင့်ချီသော ဝီဂါများကို ရှင်ကျန်းဒေသရှိ စခန်းများတွင် ထိန်းသိမ်းထားပြီး မွတ်စလင်စရိုက်လက္ခဏာများကို ဖယ်ထုတ်ရန် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာတွင် အခြားနည်းလမ်းများကို အသုံးပြုနေသည်ဟု လွတ်ငြိမ်းချမ်းသာခွင့်နှင့် လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။
တရုတ်နိုင်ငံရှိ ဝီဂါနှင့် အခြားသော မွတ်ဆလင်လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်များနှင့်ပတ်သက်သည့် စွပ်စွဲချက်အစီရင်ခံစာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်မှုများကို ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများအပြင် အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခြင်းနှင့် သားကြောဖြတ်ခြင်းစသည့် ယုံကြည်စိတ်ချရသည့် အထောက်အထားများဖြင့် မှတ်တမ်းတင်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စာမျက်နှာ ၄၈ မျက်နှာပါ အစီရင်ခံစာတွင် တရုတ်အစိုးရသည် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒအရ ဝီဂါနှင့် အခြားသော မွတ်စလင်များအပေါ်  ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ကောက်ချက်ချထားသည်။
တူရကီက အဆိုပါအစီရင်ခံစာကို ထောက်ရှု၍ ဝီဂါလူနည်းစုအပေါ် တရုတ်၏ဆက်ဆံပုံနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် လူသိရှင်ကြား ဝေဖန်ခဲ့သည်။
တူရကီသည် လူမျိုးရေး၊ ဘာသာရေးနှင့် ဘာသာစကားအရ ဆက်နွှယ်မှုရှိနေသည့် ဝီဂါများကို လိုလိုလားလား လက်ခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ဝီဂါ ၅၀ ၀၀၀ သည် တူရကီတွင်နေထိုင်ကြပြီး ဗဟိုအာရှပြင်ပတွင် ဝီဂါရွှေ့ပြောင်းနေထိုင်မှုအများဆုံးနိုင်ငံဖြစ်သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက “နိုင်ငံတကာနယ်ပယ်မှာ တူရကီဝီဂါတွေရဲ့အခွင့်အရေးကို ခုခံကာကွယ်ခြင်းဟာ တရုတ်နိုင်ငံကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါက လူသားချင်းစာနာတဲ့ ကိစ္စပါ။ တူရကီမှာ အခြေချနေထိုင်ပြီး တူရကီနိုင်ငံသားခံယူထားတဲ့ ဝီဂါတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို တူရကီက ငြင်းဆန်ခဲ့တဲ့အပေါ် တရုတ်က စိတ်ပျက်နေပါတယ်” ဟု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
တူရကီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်လိုသော်လည်း တရုတ်အာဏာပိုင်များက ဝီဂါနေထိုင်ရာ ဒေသကို ပေကျင်းရှိ တူရကီသံအမတ်ကြီးအား လွတ်လပ်စွာ သွားရောက်ခွင့်မပြုဘဲ ၎င်းတို့ အစီအစဉ်အတိုင်းသာ ဆောင်ရွက်စေချင်ကြကြောင်း  နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
တူရကီနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ရှင်ကျန်းဒေသသို့ သွားရောက်ကြည့်ရှုစစ်ဆေးရန် လွန်ခဲ့သည့် ၅ နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိကဝတ်ပြုခဲ့သည့်အကြောင်း တရုတ်အား ကာဗူဆိုဂလူက သတိပေးခဲ့ပြီး ထိုခရီးစဉ်ကို ဟန့်တားခဲ့သည့်အတွက် တရုတ်အာဏာပိုင်များကိုလည်း မေးခွန်းထုတ်ခဲ့သည်။
တူရကီသည် တရုတ်နိုင်ငံအပေါ် လူသိရှင်ကြားဝေဖန်ခဲသော်လည်း ဝီဂါများအပေါ် ဆိုးရွားစွာ ဆက်ဆံမှုအတွက် တရုတ်ကို ဝေဖန်သည့် အတိတ်ဖြစ်ရပ်များ ရှိခဲ့သည်။ တူရကီသည် ၂၀၁၉ ခုနှစ်က ကုလသမဂ္ဂတွင် လူနည်းစုများ၏ အကျပ်အတည်းကို တင်ပြခဲ့ပြီး လူ ၁ သန်းကျော်ကို ညှဉ်းပန်းနှိပ်စက်ခြင်းပြုခဲ့သည့် တရုတ်နိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့သည်။
ထိုပြစ်တင်ရှုတ်ချမှုကြောင့် အန်ကာရာရှိ တရုတ်သံအမတ်က တူရကီအစိုးရအား စီးပွားရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်စေနိုင်သဖြင့် ဝေဖန်ခြင်းမပြုရန် ပွင့်ပွင့်လင်းလင်း သတိပေးခဲ့သည်။
ထိုသို့သတိပေးပြီးနောက် တရုတ်က တူရကီနိုင်ငံ အာဂျီယန်ပြည်နယ် အစ်ဇ်မီယာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား ယာယီပိတ်သိမ်းကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ အစ်ဇ်မီယာမြို့သည် အာရှနှင့် ဥရောပကို ချိတ်ဆက်ပေးမည့် တရုတ်၏ ဒေါ်လာဘီလီယံပေါင်းများစွာ တန်သော ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (One Belt၊ One Road) အခြေခံအဆောက်အအုံ စီမံကိန်းတွင် နောက်ဆုံးဆိပ်ကမ်းမြို့အဖြစ် လျာထားသည်။ 
ထိုသို့ တင်းမာမှုများရှိနေသော်လည်း တူရကီနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်ခြင်းမရှိပေ။ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ နီးပါးအထိ ရောက်ရှိခဲ့သည်။ ဝီဂါပြဿနာအတွက် တူရကီက တရုတ်ကို ဆက်လက် အာခံနိုင်မည်လား သို့မဟုတ် နိုင်ငံတွင်း လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးပြဿနာများကြောင့် တရုတ်၏ ဖိအားများအောက် အညံ့ခံမည်လားဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly