အာဖဂန်အမျိုးသမီးများအလုပ်လုပ်ခြင်းကို တာလီဘန်က တားမြစ်ထားခြင်းကြောင့် အင်န်ဂျီအို လုပ်ငန်းများ ကောင်းစွာ မလည်ပတ်နိုင်

By The Print
16 January 2023
အာဖဂန်အမျိုးသမီးများအလုပ်လုပ်ခြင်းကို တာလီဘန်က တားမြစ်ထားခြင်းကြောင့် အင်န်ဂျီအို လုပ်ငန်းများ ကောင်းစွာ မလည်ပတ်နိုင်

တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံရှိ အင်န်ဂျီအိုများတွင် အမျိုးသမီးများအလုပ်လုပ်ကိုင်ခွင့်အား တားမြစ်သည့် အမိန့်ကို ထုတ်ပြန်ပြီးနောက် နိုင်ငံအတွင်း ပုံမှန်လုပ်ငန်းဆောင်တာများကို မဆောင်ရွက် နိုင်တော့ကြောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ပြောသည်။
တာလီဘန်အာဏာပိုင်များသည် အာဖဂန်အမျိုးသမီးများနှင့်ဆိုင်သည့် တားမြစ်ချက်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ အမျိုးသမီးများ တက္ကသိုလ်ပညာသင်ယူခြင်းနှင့် မိန်းကလေးငယ်များ အလယ်တန်းကျောင်းတက်ခြင်းတို့ကို ဆိုင်းငံ့ထားပြီးနောက် အင်န်ဂျီအိုတွင် အလုပ်လုပ်ခွင့် တားမြစ်လာခြင်းဖြစ်သည်။
နော်ဝေဒုက္ခသည်ကောင်စီ (NRC) ၏ အတွင်းရေးမှူးချုပ် ဂျန်အဂ္ဂလန်က အာဖဂန်နစ္စတန်တွင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် အမျိုးသမီးဝန်ထမ်းများ မရှိမဖြစ်လိုအပ်ကြောင်း ဇန်နဝါရီလ ၉ ရက် မနက်ပိုင်းက Twitter တွင် ရေးသားခဲ့သည်။
“ကျွန်တော်တို့ရုံးတွေမှာ လူမရှိသလောက်ဖြစ်သွားပြီး အာဖဂန်နစ္စတန်တစ်ဝန်းမှာရှိတဲ့ လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားပါတယ်၊ အမျိုးသမီးနဲ့ အမျိုးသား ဝန်ထမ်းတွေမရှိရင် မရှိမဖြစ်လိုအပ်တဲ့အကူအညီတွေ ပြန်ပေးနိုင်မှာ မဟုတ်ပါဘူး။ အမျိုးသမီးဝန်ထမ်းတွေမရှိရင် အမျိုးသမီးတွေနဲ့ ကလေးတွေဆီကို အကူအညီတွေ မရောက်နိုင်ပါဘူး။ NRC အနေနဲ့ ဝတ်စားဆင်ယင်မှု၊ ခရီးသွားလာမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ အာဖဂန်ရဲ့ အစဉ်အလာတန်ဖိုးထားမှုအားလုံးကို လေးစားပါတယ်” ဟု အဂ္ဂလန်က ပြောသည်။
အဂ္ဂလန်သည် မကြာသေးမီက အာဖဂန်နစ္စတန်ရှိ NRC ရုံးများသို့ သွားရောက်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် အမျိုးသမီးဝန်ထမ်းများမရှိခြင်းကြောင့် နော်ဝေ အကူအညီပေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို ထိခိုက်စေသည်ဟု ပြောခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ သာမန်ပြည်သူများ၏ဘဝသည် လတ်တလော အန္တရာယ်ကျရောက်နေကြောင်း NRC က ပြောကြားခဲ့သည်ဟု Khaama Press က ဆိုသည်။
“အင်န်ဂျီအိုအမျိုးသမီးဝန်ထမ်းတွေအပေါ် တာလီဘန်တွေရဲ့ တားမြစ်ချက်ကြောင့် နွမ်းပါးတဲ့ပြည်သူတွေကိုပေးနေတဲ့ အကူအညီတွေ အားလုံးကို ဒီဇင်ဘာ ၂၄ ရက်မှာ ရပ်ဆိုင်းခဲ့ရလို့ ကျွန်တော် အာဖဂန်ကို ပြန်ရောက်နေပါတယ်။ NRC ရဲ့အမျိုးသမီးဝန်ထမ်း ၄၆၉ ဦးဟာ အာဖဂန်ပြည်သူ ၇ သိန်း ဆီ အကူအညီတွေပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဝန်ထမ်းအားလုံးနဲ့ အလုပ်ပြန်လုပ်ခွင့် မရရင် လူမှုဘဝတွေ ထိခိုက်ဆုံးရှုံးသွားနိုင်ပါတယ်” ဟု ဂျန်အဂ္ဂလန်က Twitter ရေးသားခဲ့သည်။
"NRC ဟာ မနက်ဖြန်မှာ အကူအညီပေးရေး လုပ်ငန်းတွေ ပြန်စဖို့ အသင့်ပဲလို့ အာဖဂန်နစ္စတန်က တာဝန်ရှိဝန်ကြီးတွေကို ပြောချင်ပါတယ်။ ဒါပေမယ့် ဒုက္ခရောက်နေတဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံးဆီ လက်လှမ်းမီနိုင်ဖို့ အမျိုးသမီးနဲ့ အမျိုးသားဝန်ထမ်းတွေကို အတားအဆီးမဲ့ ခေါ်ယူခွင့်ရရှိမှသာ လုပ်ဆောင်နိုင်မှာပါ” ဟု ၎င်းက ရေးသားခဲ့သည်။
တာလီဘန်တို့ အာဏာရရှိလာပြီးနောက် အာဖဂန်နစ္စတန်ရှိ မိန်းကလေးငယ်များနှင့် အမျိုးသမီးများသည် အများဆုံး ထိခိုက်ခံစားခဲ့ကြရပြီး ဆက်လက် ထိခိုက်ခံစားနေကြရဦးမည် ဖြစ်သည်။ အာဏာသိမ်းပြီးနောက် အာဖဂန်လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားကာ အမျိုးသမီးများအား တက္ကစီစီးလျှင် ခေါင်းမြီးလုံအောင်ခြုံရန်နှင့် ၄၅ မိုင်ထက် ကျော်လွန်သောခရီးသွားပါက အမျိုးသားဆွေမျိုးတစ်ဦးပါရှိရန် လိုအပ်ကြောင်း တာလီဘန်တို့က ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly