ပါကစ္စတန်ရှိ အာဖဂန်များကို ဖမ်းဆီးခြင်းအား ရပ်တန့်ရန် အာဖဂန်သံတမန် တောင်းဆို

By ANI
16 January 2023
ပါကစ္စတန်ရှိ အာဖဂန်များကို ဖမ်းဆီးခြင်းအား ရပ်တန့်ရန် အာဖဂန်သံတမန် တောင်းဆို

အစ္စလာမာဘတ်မြို့ရှိ အာဖဂန်သံရုံးမှ ယာယီသံရုံးတာဝန်ခံ ဆာဒါအာမက်ရှာကစ်ဘ်က ပါကစ္စတန်တွင်နေထိုင်သည့် အာဖဂန်နိုင်ငံသားများအား ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ပါကစ္စတန်အစိုးရအား တောင်းဆိုခဲ့သည်ဟု အာဖဂန်အခြေစိုက် TOLO News သတင်းဌာနက ဖော်ပြသည်။
ပါကစ္စတန်တွင် အာဖဂန်နိုင်ငံသား ၁ ၀၀၀ ကျော် အကျဉ်းချခံထားရသည်ဟု ရှာကစ်ဘ်က ပြောသည်။
“အာဖဂန်နိုင်ငံသား ၁ ၀၅၀ လောက်ဟာ ပါကစ္စတန်က အကျဉ်းထောင်တွေထဲမှာ ရှိနေကြပြီး သူတို့ လွတ်အောင်  ကြိုးပမ်းနေပါတယ်၊ အာဖဂန်နိုင်ငံသားတွေကို ဖမ်းဆီးတာကို ရပ်တန့်ဖို့ ပါကစ္စတန်အစိုးရကို တောင်းဆိုထားပါတယ်” ဟု ရှာကစ်ဘ်ကို  ကိုးကား၍ TOLO News တွင်ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများ၏ဆွေမျိုးများက မိသားစုဝင်များသည် ပါကစ္စတန်အကျဉ်းထောင်များတွင် အခြေအနေ ဆိုးရွားနေကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နိုင်ငံသားတစ်ဦးက “ကျွန်တော်တို့ မိသားစုဝင်တွေကို ပါကစ္စတန်အစိုးရက ဖမ်းထားတာ ၃ လရှိပါပြီ။ သူတို့ကို ပြန်လွှတ်ပေးဖို့ ပါကစ္စတန်အစိုးရကို တောင်းဆိုပါတယ်” ဟု ဆိုသည်။
“ကျွန်တော့်ရဲ့ အသက် ၁၇ နှစ်အရွယ် ညီလေးကို ပါကစ္စတန်အစိုးရက ဖမ်းထားတာ ၅ လ လောက်ရှိပြီ၊ ပြန်လွှတ်မပေးသေးပါဘူး”ဟု အခြားအာဖဂန်နိုင်ငံသားတစ်ဦးက ပြောသည်။ 
“နိုင်ငံတကာ သဘောတူစာချုပ်တွေအရ ဒုက္ခသည်တွေကို ဘယ်နိုင်ငံကမှ ဖမ်းဆီးခွင့်မရှိတာကြောင့် အာဖဂန်နိုင်ငံသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပါကစ္စတန်ကို တောင်းဆိုပါတယ်” ဟု ဒုက္ခသည်များအရေး တက်ကြွလှုပ်ရှားသူ အဇီဖာ စတန်နစ်ဇိုင်က ပြောကြားခဲ့သည်။
ကလေးများနှင့် အမျိုးသမီးများ အပါအဝင် အာဖဂန်နိုင်ငံသား ၅၂၀ ကျော်ကို ကရာချိမြို့ရှိ အကျဉ်းထောင်များမှ ဇန်နဝါရီလ ၇ ရက်က လွှတ်ပေးခဲ့သည်။
တရားမဝင် အာဖဂန်နစ္စတန်ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို ပါကစ္စတန် အကျဉ်းထောင်များတွင် ထိန်းသိမ်းထားကာ နေရပ်ပြန်ပို့ရန် အချိန်ဆွဲနေပြီး အမှုများမှာ အကြောင်းအမျိုးမျိုးကြောင့် တရားရုံးများတွင် ကြန့်ကြာနေသည်ဟု Peace for Asia အစီရင်ခံစာ၌ ဖော်ပြထားသည်။
တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ယမန်နှစ်က သိမ်းပိုက်ပြီးနောက် အရပ်သားအများအပြားသည် ခိုလှုံခွင့်တောင်းခံရန် အခြားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ အချို့မှာ ခိုလှုံခွင့်ရရန် ပါကစ္စတန်သို့ သွားခဲ့ကြသော်လည်း ပါကစ္စတန်က အာဖဂန်နစ္စတန် ရွှေ့ပြောင်းနေထိုင်သူများကို စောင့်ရှောက်ခြင်းမပြုဘဲ အရေးယူမှုများသာ ပြုလုပ်ခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူအများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။ ထိုအထဲတွင် တချို့အမျိုးသမီးများသည် ဖျားနာနေကြဖြစ်ပြီး တချို့မှာ ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်သည်။ ဆေးဝါးကုသမှုများ လုံလောက်စွာ မရရှိပေ။ အမျိုးသမီးအချို့သည် ထောင်ထဲတွင် မီးဖွားခဲ့ကြပြီး ဆေးကုသခွင့် မရကြပေ။
နိုင်ငံတကာအဖွဲ့အစည်းများသည် အာဖဂန်ဒုက္ခသည်များအတွက် ပါကစ္စတန်အစိုးရထံ ငွေကြေးအမြောက်အများ လှူဒါန်းခဲ့ကြသော်လည်း ထိုငွေများကို ဒုက္ခသည်များအတွက် အသုံးမပြုကြပေ။ 
ပက်ရှ်တွန် အကာအကွယ်ပေးရေးလှုပ်ရှားမှု(PTM) သည် အကျဉ်းကျနေသော အာဖဂန်ဒုက္ခသည်များကို ငွေကြေးနှင့် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည်။ ကရာချိတွင် အမျိုးသမီးရှေ့နေ မန်ဇာကာကာ တစ်ဦးသာရှိပြီး အာဖဂန်အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးအတွက် တိုက်ပွဲဝင်ကာ ၎င်းတို့အတွက် ရန်ပုံငွေရှာဖွေပေးနေကြောင်း Peace for Asia တွင် ဖော်ပြထားသည်။
ဆင်းဒ်ပြည်နယ်ရှိ နိုင်ငံရေးပါတီအချို့က အာဖဂန်ဒုက္ခသည်များကို ဆင်းဒ်ပြည်နယ်မှ အပြီးပိုင် နှင်ထုတ်ရန် လတ်တလော လှုံ့ဆော်လျက်ရှိသည်။ မဲရရေးအတွက်လုပ်ဆောင်သော နိုင်ငံရေးပါတီများ၏ ဖိအားများကြောင့် အာဖဂန်များအပေါ် ဆင်းဒ်ပြည်နယ်အစိုးရ၏ လုပ်ရပ်များသည် အခြေခံလူ့အခွင့်အရေးနှင့် ဒုက္ခသည်ဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly