တရုတ်၏ ရန်လိုမှုများ မြင့်တက်လာချိန်တွင် ဂျပန်က ဆန်ကာကူကျွန်းများအနီး  ကင်းလှည့်မှုများ အရှိန်မြှင့်လုပ်ဆောင် 

By ANI
16 January 2023
တရုတ်၏ ရန်လိုမှုများ မြင့်တက်လာချိန်တွင် ဂျပန်က ဆန်ကာကူကျွန်းများအနီး  ကင်းလှည့်မှုများ အရှိန်မြှင့်လုပ်ဆောင် 

တရုတ်က တျောက်ယွီကျွန်းဟု ခေါ်ဆိုသော ဆန်ကာကူကျွန်းစုများအနီးတွင် တရုတ်သင်္ဘောများတပ်ဖြန့်မှု များပြားလာနေချိန်တွင် ဂျပန်သည် ၎င်းရေပိုင်နက်အတွင်း ကင်းလှည့်မှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် စီစဉ်ထားသည်။
ဖူမီယိုကိရှီဒါအစိုးရသည် ဂျပန့်ရေပြင်တွင် သင်္ဘောနှင့်လေယာဉ်ဖြင့် ကင်းလှည့်ခြင်းအပါအဝင် နိုင်ငံ၏ ကမ်းခြေစောင့်တပ်စွမ်းရည်ကို မြှင့်တင်ရန် မူဝါဒရေးဆွဲထားကြောင်း NHK World သတင်းဌာနက ဖော်ပြသည်။ အိုကီနာဝါစီရင်စုရှိ ဆန်ကာကူကျွန်းစုများအနီးတွင် ယမန်နှစ်က တရုတ်၏ ရေကြောင်းလှုပ်ရှားမှုများ တိုးမြှင့်လာပြီးနောက် ဂျပန်က  အဆိုပါမူဝါဒကို အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုသည်။
ဆန်ကာကူကျွန်းများသည် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများဖြစ်သည်။ အဆိုပါ ကျွန်းများသည် ထိုင်ဝမ်၏အရှေ့မြောက်ဘက်၊ တရုတ်နိုင်ငံအရှေ့ဘက်၊ အိုကီနာဝါကျွန်းအနောက်ဘက်နှင့် ရူကျူးကျွန်းစုများ၏ အနောက်တောင်ဘက်စွန်းတွင်တည်ရှိသည်။ ဂျပန်က ထိုကျွန်းများကို ဘိုးဘွားပိုင်နက် နယ်မြေအဖြစ် ခံယူထားသလို တရုတ်နှင့် ထိုင်ဝမ်တို့ကလည်း ထိုကျွန်းစုများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။
တရုတ်အစိုးရ သင်္ဘောများသည် ဒီဇင်ဘာလက ထိုဒေသရှိ ဂျပန်ရေပိုင်နက်အတွင်း ၇၂ နာရီကျော်ကြာ ခုတ်မောင်းခဲ့ကြောင်း NHK က ဆိုသည်။ ဂျပန်အစိုးရက ကျွန်းစုအချို့ကို ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂလိက ဂျပန်ပိုင်ရှင်တစ်ဦးထံမှ ဝယ်ယူခဲ့ပြီးနောက်ပိုင်း အရှည်ကြာဆုံး ကျူးကျော်ဝင်ရောက်မှုဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဂျပန်အစိုးရသည် ကာကွယ်ရေးအသုံးစရိတ် ယန်း ၆ ဒသမ ၈ ထရီလျံ အပါအဝင် ယန်း ၁၁၄ ဒသမ ၃၈ ထရီလျံ (အမေရိကန်ဒေါ်လာ ၈၆၂ ဘီလီယံ) ရှိ စံချိန်တင်များပြားလှသော ဘတ်ဂျက်မူကြမ်းကို လာမည့်ဘဏ္ဍာရေးနှစ်အတွက်  ဒီဇင်ဘာလက အတည်ပြုခဲ့သည်။
ဂျပန်နိုင်ငံ၏ စစ်အသုံးစရိတ်သည်  ၂၀၂၂ ခုနှစ်တွင် ယန်း ၅ ဒဿမ ၄ ထရီလီယံရှိပြီး ဂျီဒီပီ၏ ၁ ဒသမ ၂၄ ရာခိုင်နှုန်းခန့်ရှိကြောင်း Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။
ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် နိုင်ငံ့ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟူသော အစိုးရဆုံးဖြတ်ချက်အတိုင်း တိုးမြှင့်ခြင်းဖြစ်ပြီး  ၁ နှစ်လျှင် ယန်း ၁၁ ထရီလီယံခန့်အထိ သုံးစွဲမည်ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံးနှင့် အရှုပ်ထွေးဆုံးသော လုံခြုံရေးပတ်ဝန်းကျင်အလယ်တွင် မိမိကိုယ်ကို ကာကွယ်ရပ်တည်နေရကာ တရုတ်နှင့်မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများမှာလည်း မြင့်တက်လာသည်။ 
ဂျပန်သည် ကာကွယ်ရေးမူဝါဒတွင် အဓိကအပြောင်းအလဲတစ်ခုကို ထည့်သွင်းထားသည်။ မဟာဗျူဟာသစ်သည် ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည့် ထုံးတမ်းစဉ်လာများနှင့်မတူဘဲ  တန်ပြန်တိုက်ခိုက်မှုစွမ်းရည်ကို ရယူပြီး လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် (FOIP) ကို အလေးထားသည်။
ဂျပန်သည် ၎င်း၏ မဟာမိတ်များနှင့် စိတ်တူကိုယ်တူနိုင်ငံများအကြားတွင် အလွှာပေါင်းစုံ ကွန်ရက်တစ်ခု တည်ဆောက် ချဲ့ထွင်ကာ   ခုခံကာကွယ်မှု အားကောင်းစေရန် စီစဉ်လျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly