ဝီဂါထိန်းသိမ်းရေးစခန်း၌ မန်ဒရင်းစာသင်ပေးရသည့် ဥဇဘတ်အမျိုးသမီး၏ အတွေ့အကြုံကို ကာတွန်းစာအုပ် ထုတ်ဝေ

By ANI  
16 January 2023
ဝီဂါထိန်းသိမ်းရေးစခန်း၌ မန်ဒရင်းစာသင်ပေးရသည့် ဥဇဘတ်အမျိုးသမီး၏ အတွေ့အကြုံကို ကာတွန်းစာအုပ် ထုတ်ဝေ

ထင်ရှားကျော်ကြားသော ဂျပန်စာရေးဆရာနှင့် သရုပ်ဖော်ပန်းချီဆရာ တိုမိုမီ ရှီမီဇူက တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသရှိ ပြန်လည်ပညာပေးစခန်းများတွင် ထိန်းသိမ်းခံထားရသော ဝီဂါများအား မန်ဒရင်းဘာသာစကား သင်ကြားပေးရန် ဖိအားပေးခံခဲ့ရသည့် ဥဇဘက်ကစ္စတန်အမျိုးသမီးတစ်ဦး၏ အတွေ့အကြုံများကို မန်ဂါကာတွန်းစာအုပ်ဖြင့် သရုပ်ဖော်ကာ ထုတ်ဝေခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြလိုက်သည်။
ရှီမီဇူက ရှင်ကျန်းထိန်းသိမ်းရေးစခန်းများမှ လွတ်မြောက်လာသူ အမျိုးသမီးများ၏ အတွေ့အကြုံများကို သရုပ် ဖော်ထားသည်။
ကြီးမားလှသောထိန်းသိမ်းရေးစခန်းကွန်ရက်တွင် ဝီဂါနှင့် အခြားသော တာကစ်မျိုးနွယ်စုများ ၁ ဒသမ ၈ သန်းအထိ ရှိနိုင်သည်။
ရှီမီဇူ၏ နောက်ဆုံးထုတ်စာအုပ်တွင် ရှင်ကျန်းမြို့တော် အူရမ်ချီမြို့ရှိ မူလတန်းကျောင်းတွင် မန်ဒရင်းတရုတ် ဘာသာစကားကို သင်ကြားခဲ့သော အသက် ၅၃ နှစ်အရွယ် ကယ်ဘီနာစီဒစ် ခေါ် ကွီဘီနာဆီဒစ်ခ် အကြောင်းကို ဖော်ပြခဲ့သည်။
တရုတ်အာဏာပိုင်များက ၂၀၁၇ ခုနှစ်တွင် ရှင်ကျန်းဒေသရှိ ပြန်လည်ပညာပေးစခန်းများတွင် ဆီဒစ်ခ်အား မန်ဒရင်းဘာသာစကားကို အတင်းအကျပ်သင်ခိုင်းခဲ့သည်။
ရှင်ကျန်းရှိ မွတ်စလင်အမျိုးသမီးများ၏ ကလေးမွေးဖွားနှုန်းကို တားဆီးသည့်အစိုးရစီမံချက်ကြောင့် ဆီဒစ်ခ်သည် အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခဲ့ရကာ သားကြောဖြတ်ခဲ့ရကြောင်း RFA မှ ဖော်ပြခဲ့သည်။
လန်ဒန်ရှိ လွတ်လပ်သောပြည်သူများ၏ ခုံသမာဓိရုံးတွင် ၂၀၂၁ ခုနှစ်က ဆီဒစ်ခ်၏ သက်သေခံချက်အပေါ် အခြေခံ၍ ဂျပန်စာရေးဆရာနှင့် သရုပ်ဖော်ပန်းချီဆရာ တိုမိုမီ ရှီမီဇူ၏ နောက်ဆုံးလက်ရာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သည်။
ဆီဒစ်ခ်သည် ရှင်ကျန်းထိန်းသိမ်းရေးစခန်း၂ ခုတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် မုဒိမ်းကျင့်ခံခဲ့ရကြောင်း ၂၀၂၁ ခုနှစ်ဇွန်လတွင် ထွက်ချက်ပေးခဲ့သည်။ 
ယင်းအသက်မွေးဝမ်းကျောင်းစင်တာများသည် ကျောင်းသားများအား ကောင်းမွန်စွာ ဆက်ဆံသည်ဆိုသော တရုတ်အစိုးရ၏ ပြောကြားချက်များသည် သူမ၏ ထွက်ဆိုချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly