ဟောင်ကောင်အားကစားအဖွဲ့အမည်များတွင် 'တရုတ်' ဟု ထည့်သွင်းရန် ဖိအားပေးခံရ

By CNA 
16 January 2023
ဟောင်ကောင်အားကစားအဖွဲ့အမည်များတွင် 'တရုတ်' ဟု ထည့်သွင်းရန် ဖိအားပေးခံရ

ဟောင်ကောင်အာဏာပိုင်များသည် ဒီမိုကရေစီအရေး ဆန္ဒပြပွဲများကို ဖြိုခွင်းပြီးနောက် အမျိုးသားရေးဝါဒကို လက်ခံကျင့်သုံးလာခဲ့ပြီး အားကစားအဖွဲ့များသည် တရားဝင်အမည်များတွင် တရုတ် ဟူသောစကားလုံးကိုပါ ထည့်သွင်းရန်နှင့် လိုက်နာခြင်းမပြုပါက ရန်ပုံငွေဖြတ်တောက်ခံရမည်ဟု ဖိအားပေး ခံနေရသည်။ 
ဟောင်ကောင်ရှိ အားကစားအဖွဲ့ချုပ်နှင့် အိုလံပစ်ကော်မတီက ၎င်း၏အဖွဲ့ဝင် အားကစားအဖွဲ့များသည် ဇူလိုင် ၁ ရက်တွင် အမည်များပြောင်းလဲခြင်းကို အပြီးသတ်ပြုလုပ်ရမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သော်လည်း အိုလံပစ်ပြိုင်ပွဲအပါအဝင် နိုင်ငံ တကာအားကစားပြိုင်ပွဲများတွင် တရုတ်နိုင်ငံနှင့် သီးခြားစီဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
အိုလံပစ်ကော်မတီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဟောင်ကောင်အားကစားအဖွဲ့ ၈၃ ဖွဲ့အနက် နာမည်များတွင် တရုတ် ဟု ထည့်သွင်းထားသည့်အဖွဲ့အရေအတွက်မှာ ၂၀ နီးပါးခန့်သာရှိသည်ကိုတွေ့ရသည်။ 
ဥပမာ - ဟောင်ကောင် တရုတ်ရေကူးအသင်းဟူ၍ ရှိသည်။ သို့ရာတွင် ဟောင်ကောင်ဘောလုံးအသင်းသည် ၎င်းတို့အမည်တွင် တရုတ်ကို ရည်ညွှန်းဖော်ပြထားခြင်း မရှိ‌ပေ။
ဟောင်ကောင်အိုလံပစ်ကော်မတီ၏ တောင်းဆိုမှုသည် အားကစားအဖွဲ့များ၏ ရန်ပုံငွေရရှိမှု သို့မဟုတ် ပြိုင်ပွဲကြီးများတွင် ပါဝင်ယှဉ်ပြိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း South China Morning Post က ဖော်ပြ ခဲ့သည်။
အိုလံပစ်ကော်မတီက ယခုတောင်းဆိုချက်သည် ဟောင်ကောင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်ကြောင်း  ပြောကြားခဲ့သည်။
ဟောင်ကောင်၏ အားကစားတွင်ယှဉ်ပြိုင်နိုင်စွမ်းသည် ဒေသခံများအတွက် နှစ်ရှည်လများ ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်ခဲ့သော်လည်း အာဏာပိုင်များ၏ သံသယဖြင့် ရှုမြင်မှုကို ခံနေရသည်။
ဟောင်ကောင်နှင့် တရုတ်အကြား တင်းမာမှုများသည် အားကစားပွဲများတွင် ပုံမှန် ပေါ်ပေါက်လေ့ရှိပြီး ဟောင်ကောင်ဘောလုံးပရိသတ်များသည် ၎င်းတို့နိုင်ငံတော်သီချင်းကို သီဆိုကြခြင်းကြောင့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။ 
တစ်ခါတစ်ရံ အကြမ်းဖက်မှုအသွင်အထိဖြစ်ခဲ့သည့် ၂၀၁၉ ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲကြီးအပြီးတွင် တရုတ်နိုင်ငံသည် ဟောင်ကောင်အပေါ် ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်လာခဲ့ပြီး  မျိုးချစ်စိတ်ဓာတ်ကို ထိပ်တန်းဦးစားပေးအဖြစ် ဖော်ဆောင်ခဲ့သည်။
“အားကစားအဖွဲ့များသည် အစိုးရထံမှ ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုနေကြ၍ သင့်လျော်သည့် အဖွဲ့အစည်း အမည်ကို အသုံးပြုရန် တာဝန်ရှိသည်" ဟု အိုလံပစ်ကော်မတီ၏ ဂုဏ်ထူးဆောင်အတွင်းရေးမှူးချုပ်က South China Morning Post သတင်းဌာနအား ပြောကြားခဲ့သည်။
ဟောင်ကောင်အိုလံပစ်ကော်မတီသည် အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပွဲများကဲ့သို့သော ပြိုင်ပွဲကြီးများတွင် ဟောင်ကောင်အား ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရှိသူများကို ထိန်းချုပ်ထားပြီး တရုတ်လိုလားသော လွှတ်တော်အမတ်ဟောင်း တင်မိုသီဖော့်ခ်က ကော်မတီကို ဦးဆောင်လျက်ရှိသည်။
တောင်ကိုရီးယားတွင် ပြီးခဲ့သည့်နှစ်က ရပ်ဘီပွဲစီစဉ်သူများသည် တရုတ်နိုင်ငံတော်သီချင်းအစား ဆန္ဒပြသီချင်းကို ဖွင့်ခဲ့သည့်အတွက် ဟောင်ကောင်အာဏာပိုင်များ ဒေါသထွက်ခဲ့ကြသည်။
ဟောင်ကောင်ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲစီစဉ်သူများက ယင်းမှာ သာမန်လွဲမှားမှုတစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly