ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းပါက ဒဏ်ခတ်ခံရမည်ဟု တရုတ် ထပ်မံခြိမ်းခြောက်

By ALJAZEERA
16 January 2023
ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းပါက ဒဏ်ခတ်ခံရမည်ဟု တရုတ် ထပ်မံခြိမ်းခြောက်

ထိုင်ဝမ်ကို တိုက်ခိုက်မည်ဟု နှစ်ရှည်လများ ခြိမ်းခြောက်လာသော တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် အပြန်အလှန်ဆက်ဆံနေသော ပြည်ပနိုင်ငံရေးသမားများသည် မီးနှင့်ကစားနေခြင်းသာဖြစ်ကြောင်း  ထပ်မံသတိပေးလိုက်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးအစီအစဉ်များကို ဖြိုခွင်းရန်နှင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ရန် နှစ်သစ်တွင်  ပြန်လည်ကတိပြုကြောင်း  တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၁ ရက်က ပြောကြားခဲ့သည်။

“ပြည်ပနိုင်ငံအချို့ရှိ တရုတ်ဆန့်ကျင်ရေးအဖွဲ့များက ထိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံမှုသည် တမင်ရန်စခြင်းဖြစ်သည်” ဟု ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်က အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်တဲ့အဖွဲ့တွေဆီ မှားယွင်းတဲ့ အချက်အလက်တွေ မပေးပို့ဖို့နဲ့ ထိုင်ဝမ်ပြဿနာနဲ့ပတ်သက်ပြီး မီးနဲ့ကစားနေတာကို ရပ်ကြဖို့ သက်ဆိုင်ရာနိုင်ငံတွေကို တောင်းဆိုထားပါတယ်” ဟု မာရှောင်ကွမ်က ပြောကြားခဲ့သည်။

တရုတ်သည် ၁၉၄၉ ခုနှစ်တွင် ပြည်မကြီးမှ ခွဲထွက်သွားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်အား လိုအပ်ပါက အင်အားသုံးကာ ၎င်း၏ထိန်းချုပ်မှုအောက်ထားရှိမည့် ပိုင်နက်အဖြစ်ရှုမြင်ထားသည်။

ထိုင်ဝမ်ခွဲထွက်မှုသည် ပျက်စီးကိန်းကြုံမည်ဖြစ်သလို ထိုင်ဝမ်လွတ်လပ်ရေးသည်  ဒဏ်ခတ်သည်ကို စောင့်သည့်လုပ်ရပ်ဖြစ်ကြောင်း ထိုင်ဝမ်ရေးရာရုံးက သတိပေးထားကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာက တွစ်တာတွင် ရေးသားထားသည်။

မကြာသေးမီလများအတွင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနှင့် ဥရောပသမဂ္ဂမှ နိုင်ငံရေးသမားများ အပါအဝင် ထင်ရှားကျော်ကြားသော ပြည်ပနိုင်ငံရေးသမားများ၏ ထိုင်ဝမ်သို့ သွားရောက်မှုသည် တရုတ်အား ဒေါသထွက်စေခဲ့ကာ တရုတ်တပ်ဖွဲ့များက ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး ထိုင်ဝမ်က ယင်းလှုပ်ရှားမှုကို ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှုအဖြစ် ယူဆထားသည်။

တရုတ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် စံချိန်တင်အရေအတွက်အဖြစ် လေယာဉ် ၇၁ စင်းနှင့် သင်္ဘော ၇ စင်းကို ထိုင်ဝမ်သို့ စေလွှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။

ထိုင်ဝမ်စစ်တပ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို တန်ပြန်မှုနှင့်ပတ်သက်ပြီး ၎င်း၏စွမ်းရည်အပေါ်  ပြည်သူများ စိတ်အေးစေရေးအတွက်  ကိုယ်ပိုင်စစ်ရေးလေ့ကျင့်မှုကို ယခုသီတင်းပတ်တွင် ပြုလုပ်ခဲ့သည်။

“အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ လေပိုင်နက်လုံခြုံရေးနှင့် နိုင်ငံရဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့ပါပဲ” ဟု လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ဝူဘွန်းယန်က မြို့တော်တိုင်ပေ တောင်ဘက်ရှိ ရှင်းချူး လေတပ်စခန်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုသည် ဂျာမနီနှင့် လစ်သူယေးနီးယား ဥပဒေပြုအမတ်များ ထိုင်ဝမ်သို့ လာရောက်လည်ပတ်သည့် အချိန်နှင့် တိုက်ဆိုင်ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အဆိုပါ ခရီးစဉ်သည် ဂျာမနီက ထိုင်ဝမ်အား ထောက်ခံကြောင်း ပြသခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂျာမနီကိုယ်စားလှယ် ၁၀ ဦးအဖွဲ့ကို ဦးဆောင်လာသော ဘန်ဒက်စတက်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မရီ-အက်နစ် စတရက် ဇီမာမန်က ရုရှား၏ ယူကရိန်းကျူးကျော်စစ်သည် ဥရောပနှင့်ဂျာမနီအတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက် တပ်လှန့်နှိုးဆော်မှုကြီးဖြစ်သည့်အတွက် ထိုင်ဝမ်သို့ လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

"အခုတော့ ယူကရိန်းမှာ ဖြစ်ပျက်ခဲ့တာကို တွေ့မြင်နေရပါပြီ။ ဒါဟာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ ထိုင်ဝမ်ကိုလာခဲ့ရတာပါ” ဟု စတရက်ဇီမာမန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly