ကော့ကရိတ်မြို့နယ် ကော့ဗိန်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ

By သွင်ထူးဈာန် (မဇ္ဈိမ)
16 January 2023
ကော့ကရိတ်မြို့နယ် ကော့ဗိန်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ

ဇန်နဝါရီလ ၁၆ ရက်

ကရင်ပြည်နယ် ကရင့်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၆) ထိန်းချုပ်နယ် မြေ ကော့ကရိတ်မြို့နယ် ကော့ဗိန်းနယ်မြေရဲစခန်းကို ယနေ့ ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲပိုင်းက ကရင် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“နေ့လည်လောက်မှာ သေနတ်ပစ်သံတွေစကြားရတယ်။ ရဲစခန်းဝင်စီးခံရတယ်တဲ့၊ အခု ရဲစခန်းမီးရှို့ခံ လိုက်ရတယ်။ စကစဘက်က အထိအခိုက်အကျအဆုံးရှိတယ်လို့တော့ ကြားတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ယင်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကော့ဗိန်းဒေသခံများသည် စစ်ကောင်စီဘက်မှထိုးစစ်ဆင်မည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုအခြေနေကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကော့ဗိန်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရသည့်အပြင် မွန်ပြည်သစ်လက်နက်ကိုင်တပ်ဖွဲ့လည်း တိုက်ခိုက်ခံရ သည့် သတင်းထွက်ပေါ်နေသောလည်း မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။

ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဒူပလာယာခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ယာဉ်များ ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး ၂၃ ရက်နေ့အထိ လုံးဝသွားလာခြင်းမပြုရန် ကရင့်အမျိုးသားအစည်းရုံးမှ ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly