ရွာမီးရှို့ပြီးထွက်လာသောစစ်ကြောင်းကို အနီးကပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
15 January 2023
ရွာမီးရှို့ပြီးထွက်လာသောစစ်ကြောင်းကို အနီးကပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ထွက် ခွာလာသည့်စစ်ကြောင်းအား အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးသွားပြီး ဒဏ်ရာ ရရှိသူများလည်းများပြားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ဇန်နဝါရီလ ၁၅ ရက် ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာ၊ ကိုင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးထွက်ခွာလာသည့်စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ တကယ့်ကို လက်တကမ်းမှာ ပစ်ခဲ့ကြတာ။ ခွေး (စစ်ကောင်စီတပ်)ဘက်ကသေတာတွေကို မြေပြင်သတင်းပေးချက်များအရ အတည်ပြုခဲ့တာပါ” ဟု CAF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကနဦးထိခိုက်သေဆုံးမှု ခန့်မှန်းသာပြောဆိုနိုင် သော်လည်း ချင်းတွင်းမြစ်ကို ကူးဖြတ်သည့်အချိန်တွင် သေဆုံးဒဏ်ရာရရှိသူများကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ရဲဘော်တစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များသည် လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံက သုံးသပ်ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒို (Monywa The Boys )မှ ဦးဆောင်ပြီး တပ်ရင်း(၄) တပ်ခွဲ(၄) 5/ Teachers People Defence Force ၊ မုံရွာခရိုင် တပ်ရင်း(၇) (Lightning People Defence Force ) ၊ Salingyi Revolution Army( SRA) ၊ ချင်းတွင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ၊ Fight For Freedom (F3) ၊ ဓားမဆိုင်းတပ်မတော် (DMSA)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း ချင်းတွင်းမြစ်ကြောင်းတလျောက် လက်နက်ကြီးငယ် များဖြင့် ရမ်းသန်းပစ်ခတ်ကာ ချောဆွဲလာသော ကျောက်စုပ်စက်လှေအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒို (Monywa The Boys ) နှင့် မဟာ မိတ်တပ်ဖွဲ့များမှ လက်နက်ကြီးငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ် ရင်း(၄)၏ တပ်ရင်းတပ်ခွဲများသည် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် အရေး ပေါ် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိနေကြောင်း အသိပေးထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly