ဇန်နဝါရီလ ၁၅ ရက်
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့ဝင်များက လုံခြုံရေးစစ်ဆေးမှုများ ပြန်လည်တင်းကြပ်လာ ကြောင်း မြို့ခံများထံမှ သိရသည်။
မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ - မြိတ်)က ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ခရိုင်၊ မြို့နယ် အဆင့်အပါဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား တစ်ပတ်အတွင်း တာဝန်မှနှုတ်ထွက်ပေးရန် စာ ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ မြို့တွင်းနေရာအများအပြားကို စစ်ဆေးမှုတင်းကြပ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကား၊ ဆိုင်ကယ်တွေကို ရပ်ခိုင်ပြီးစစ်တာ။ ဖုန်းတွေကိုလည်းစစ်တယ်။ မသင်္ကာတဲ့ကားဆိုရင် လူဆင်း ခိုင်းပြီး အကုန်စစ်တယ်”ဟု မြိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။
မြိတ်တောင်ကျေးရွာ၊ ရပ်ကွက်နှင့် မြိတ်တောင်နယ်မြေရှိ ဘုရားကိုင်လမ်းဆုံနှင့် ကမ်းနားလမ်းအပါအဝင် နေရာအများစု၌ စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“သတင်းရထားတယ်ဆိုပြီး လမ်းတွေမှာစောင့်ပြီး စစ်ဆေးနေတာ၊ အဖွဲ့ပေါင်းစုံနဲ့ပါ။ သေနတ်တွေ ကိုင်ပြီး စစ်နေတာ”ဟု မြိတ်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
စစ်ဆေးမှုပြုလုပ်ရာတွင် တနေရာတည်း၌ အထိုင်ချစစ်ဆေးခြင်းမျိုးမဟုတ်ဘဲ နေရာတစ်ခု၌ အချိန်ပိုင်း သာစစ်ဆေးပြီး အခြားနေရာသစ်တစ်ခုသို့ ပြောင်းရွှေ့စစ်ဆေးခြင်းများ ပြုလုပ်သည်ဟု ၎င်းကပြောသည်။
ထို့ပြင် လက်ရှိတွင် မြိတ်မြို့ပေါ်ရပ်ကွက်အချို့ရှိ လမ်းဆုံလမ်းခွများ၌ စောင့်ကြည့်ကင်မရာများဖြစ် သော ၃၆၀ ဒီဂရီ CCTV များ၊ ဒရုန်းဖျက်စက်ပစ္စည်းများနှင့် ဒရုန်းပစ်စက်ပစ္စည်းများကို နေရာအချို့တွင် တပ်ဆင်ထားကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။
“အခုက နေရာတိုင်းမှာ စစ်ဆေးတာတွေ ရှိနေတာပါ။ မြို့ခံတွေကတော့ စိုးရိမ်လို့ သူတို့ဂိတ်ချစစ်ဆေး နေတဲ့ နေရာတွေကိုတွေ့ရင် ရှောင်ရှားပြီးသွားနေရတယ်”ဟု ထားဝယ်စုရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ညဖက်တွင် ဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်နေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ