မြန်မာ့အရေးအတွက် အပြောင်းအလဲဖြစ်စေမယ့် မျှော်လင့်ချက် နဲ့ စိန်ခေါ်မှုများ (ဆောင်းပါး)

By (ဓားရိုင်း) 
14 January 2023
မြန်မာ့အရေးအတွက် အပြောင်းအလဲဖြစ်စေမယ့် မျှော်လင့်ချက် နဲ့ စိန်ခေါ်မှုများ (ဆောင်းပါး)

ဇန်နဝါရီလ ၁၄ ရက်

၂၀၂၂ ခုနှစ်ဟာ နွေဦးတော်လှန်ရေးအတွက် အောင်မြင်မှုခြေလှမ်းတွေကိုအစပျိုးနိုင်ခဲ့တဲ့နှစ်တစ်နှစ်လို့ဆိုရပါမယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကမ္ဘာ့အလယ်မှာ နွေဦးတော်လှန်ရေးအမှတ်တံဆိပ်ကို မှတ်ကျောက် တင်နိုင် ခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာဏာရှင်စနစ် တော်လှန်ရေးအတွက် အတူလက်တွဲခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တဲ့ နှစ်လို့လည်းဆိုရမှာပါ။ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန် အပါအဝင် ကုလနဲ့ အီးယူ တို့က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တွေ ကိုချမှတ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အပြောင်းအလဲဖြစ်စေမယ့် ကြီးမားတဲ့မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ အမေရိကန် အပါအဝင် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ဟာ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို ၂၀၂၂  နှစ်ကုန်ခါနီးမှာ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ချမှတ်သွားခဲ့တာက ထူးခြားနေခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက် ပြီး ဘက်ပေါင်းစုံကနေ အာဏာသိမ်းစစ်ကောင်စီကို တစ်လှမ်းချင်း ဖိအားပေးနိုင်ဖို့ရည်ရွယ်ပြီး စနစ်တကျပြင်ဆင် ထားပုံရပါတယ်။ ဘာကြောင့်လည်းဆိုရင် အီးယူနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ပူးတွဲထုတ်ပြန်ချက်၊ သံအမတ် ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အဖြစ်ဆက်ထားတာ၊ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ထွက်ပေါ်လာတာ နဲ့ Burma Act ပါဝင်တဲ့ NDAA ဥပဒေကြမ်းကို အမေရိကန် သမ္မတ ဘိုင်ဒန်က ဥပဒေအဖြစ် ပြဋ္ဌာန်းခွင့်ပြုလိုက်တာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုတွေရှိနေတာ ကြောင့်ပဲဖြစ်ပါ တယ်။ အီးယူနဲ့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ပူးတွဲကြေညာချက်ကို ဒီဇင်ဘာ ၁၄ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော် (Brussels) မှာပြုလုပ်တဲ့ ဥရောပသမဂ္ဂနဲ့ အာဆီယံ ခေါင်းဆောင် တွေရဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးအပြီး စာမျက် နှာ ၁၂ မျက်နှာရှိတဲ့ ပူးတွဲကြေညာချက်ထဲမှာ  မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး စာပိုဒ် ၂ ပိုဒ်ကို  ထည့်သွင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ အီးယူအဖွဲ့ကြီးက အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဖြေရှင်းရန် ကြိုးပမ်း အားထုတ်မှုတွေ ကို အပြည့်အဝ ထောက်ခံကြောင်း၊ အာဆီယံအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တွေ အားလုံး သဘောတူ ချမှတ်ထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်ကိုလည်း ထောက်ခံကြောင်း၊  မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို အကျဉ်းထောင်တွေက ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေကို လိုအပ်နေသူတွေအားလုံးထံ ထိထိရောက်ရောက်ကူညီခွင့်ရဖို့၊ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်အတွင်း ကြိုးပေးသတ်ဖြတ်တာကို အပြင်းအထန် ရှုတ်ချကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းဖို့၊ လုံခြုံဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို လုံခြုံစွာ၊ သိက္ခာရှိစွာနဲ့ ကိုယ်ပိုင်ဆန္ဒအလျောက် ပြန်နိုင်ရေးအတွက် အထူးအလေးပေး တောင်းဆိုကြောင်း ဖော်ပြထားတွေ့ရပါတယ်။ အဲဒီအစည်းအဝေးကို အီးယူနဲ့ အာဆီယံ 

အဖွဲ့တွေ ၁၉၉၇ ခုနှစ်ကစပြီး ဆက်ဆံရေးထူထောင်ခဲ့တာ ၄၅ နှစ်ပြည့် ထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တာဖြစ် ပါတယ်။ အစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် တက်ရောက်ခွင့်မရဘဲ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခွင့်ရခဲ့တာကိုကြည့်မယ်ဆိုရင် ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်မှု ပေးလာတဲ့ သဘောမျိုးလည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ အမြဲရပ်တည်ပေးလာတဲ့ အာဆီယံ ခေါင်းဆောင်တချို့လည်း ဒီတစ်ကြိမ် အီးယူရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မှုမရှိဘဲ လိုက်ပါဆောင်ရွက်ခဲ့တာက တော့ ထူးခြားမှုလို့ဆိုရပါမယ်။ အာဆီယံ မူ ၅ ချက်ကို လိုက်နာမှုမရှိတဲ့အပြင် စစ်ရာဇဝတ်မှုတွေကိုပါ ကျူးလွန် လာတဲ့ စစ်ကောင်စီကို ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေကပါ စိတ်ပျက်လာတဲ့ သဘောမှာရှိနေပါတယ်။ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး အမေရိကန်၊ ကုလနဲ့ အီးယူတို့ ပူးပေါင်းပါဝင်ပေးဖို့ အာဆီယံအဖွဲ့အစည်းက ဖိတ်ခေါ်တဲ့ အထိ အခြေအနေတွေ တင်းမာလာခဲ့တာတွေ့ရပါတယ်။ 

ဒါကြောင့်လည်း ကုလသမဂ္ဂက မြန်မာ့အရေးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်မချခင်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်အဖြစ် ဆက်ထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဒီဇင်ဘာ ၁၆ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်စားလှယ်စစ်ဆေးရေးကော်မတီက တင်ပြလာတဲ့ အစီရင်ခံစာကို မဲမခွဲပဲ ကော်မတီရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေညီလာခံတက် ရောက်ခွင့် ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ကိုယ်စားပြုခွင့်ပေးခဲ့တာဖြစ်ပါ တယ်။ အဲဒီနောက် ဒီဇင်ဘာ ၂၁ ရက်မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ် ချက်တစ်ရပ် (S/RES/ 2669) ကို ထပ်မံအတည်ပေးခဲ့တာပါ။ ကုလရဲ့ ဒီဆုံးဖြတ်ချက်ဟာ ၂၀၀၆ ခုနှစ် စက်တင် ဘာ ၁၅ ရက်က မြန်မာနိုင်ငံအရေးကိစ္စကို လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းရမယ့် တရားဝင် အာဂျင်ဒါ တစ်ခုအဖြစ် ဆုံးဖြတ်လက်ခံခဲ့ပြီးနောက် ၁၆ နှစ်အကြာမှာ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချနိုင်တာလည်းဖြစ်ပါ တယ်။ ဒီတစ်ကြိမ်မှာ ပိုပြီးထူးခြားခဲ့တာကတော့ မြန်မာစစ်ခေါင်းဆောင်တွေဘက်ကနေ အစဉ်အမြဲ ဗီတိုအာဏာ သုံးပြီး ကာကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ ဝင်မရှုပ်ခဲ့သလို လုံခြုံရေးကောင်စီရဲ့ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ အိန္ဒိယကလည်း ဝင်ရောက်စွက်ဖက်တာမရှိဘဲ သူတို့ သုံးနိုင်ငံစလုံး ကြားနေမဲအဖြစ်သာ ရပ်တည်ခဲ့ကြ တာက ထူးခြားပါတယ်။ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံနိုင်ငံတွေအနေနဲ့ ဘုံသဘောတူ ညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိကျတဲ့ အချိန်ဇယားတစ်ခု သတ်မှတ်ပြီး အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်၊ ရှင်းလင်း ပြတ်သားတဲ့ တိုင်းတာမှုတွေ၊ ရလဒ်တွေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်အောင် တွန်းအားပေးလိုက်တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ မပါဝင်ခဲ့ပေမယ့် မြန်မာ့အရေးအတွက် အတိုင်းအတာတစ်ခုအထိ တာသွားစေမယ့် ဆုံးဖြတ်ချက်ဆိုတာကတော့ သေချာပါတယ်။ ကုလနဲ့ အီးယူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားစေတာကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုထားတဲ့ အမျိုးသား ကာကွယ်ရေး အာဏာအပ်နှင်းမှု ဥပဒေ ၂၀၂၃ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဥပဒေထဲမှာ မြန်မာ့ အရေးနဲ့သက်ဆိုင်တဲ့ Burma Act ဥပဒေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ Burma Act ဥပဒေထဲမှာ အဓိကအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ အပေါင်းအပါတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခြင်းဆိုင်ရာ မူဝါဒတွေ၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားကြီးရဲ့ ဦးဆောင်အဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ NUG၊ CRPH၊ NUCC ၊ CDM၊ EROs၊ CSOs တွေကို လက်နက်မပါတဲ့ အထောက်အပံ့တွေနဲ့ နည်းပညာအထောက်အပံ့တွေ ပေးအပ်ခြင်းဆိုင်ရာ မူဝါဒတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတဘိုင်ဒန်ဟာ ဒီဇင်ဘာ ၂၉ ရက်က ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် အမေရိကန်အစိုးရ အသုံးစားရိတ်ခွဲဝေသတ်မှတ်ခြင်း ဥပဒေကိုလည်း လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး ဖြစ်တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၁၃၆ သန်းဟာလည်း ရယူသုံးစွဲဖို့ အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အလှည့်အပြောင်း နဲ့ အထောက်အပံ့တွေဖြစ်လာမှာသေချာပါတယ်။ တော်လှန်ရေးဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ခရီးဖြစ်တာကြောင့် တစ်ဖက်က ကြည့်မယ်ဆိုရင် စိန်ခေါ်မှုတွေကလည်းရှိနေပြန်ပါတယ်။ လာမယ့် ဇန်နဝါရီ ၃၁ ရက်ဆိုရင် အာဏာ သိမ်းစစ်ကောင်စီရဲ့ အာဏာကိုတစ်ဖက်လှည့်နဲ့ တရားဝင်ပုံစံမျိုး ထိန်းချုပ်ထားတဲ့သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုပြီး တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေညာကာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ကာ/လုံ လို့ခေါ်တဲ့  “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ” ကို တိုင်းပြည်အာဏာပြန်အပ်ရတော့မှာဖြစ်ပါတယ်။ အဲဒီနောက် ပုဒ်မ ၄၂၉ အရ ကာ/လုံက ၆ လ အတွင်း အထွေထွေရွေးကောက်ပွဲတွေ ကျင်းပပေးရတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ သတင်းတွေကတော့ အမျိုးမျိုး ထွက်နေပါတယ်။ ကြားကာလမှာ အာဏာကိုဆက်လက်ချုပ်ကိုင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်ခေါင်း ဆောင်ဟာ ယာယီသမ္မတ ဦးမြင့်ဆွေပါဝင်တဲ့ “အသွင်ကူးပြောင်းရေး ကောင်စီ”ဆိုတာကို အသစ်ဖွဲ့ဖို့ရှိနေသလို တရားဝင်အာဏာ သိမ်းတာတွေလည်း လုပ်လာနိုင်တယ်ဆိုပြီး ပြောဆိုသံတွေတော့ထွက်နေပါတယ်။ တကယ် တော့ ကာ/လုံဆိုတာ ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်ထဲမှာသာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ အိမ်စောင့်အစိုးရကို ပြန်လည်အသက်သွင်းပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ထားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ “အသွင်ကူးပြောင်းရေး ကောင်စီ” ဒါမှမဟုတ် အိမ်စောင့်အစိုးရ ဖြစ်လာဖို့များပြီး အဲဒီနောက်မှာ သူ့စိတ်ကြိုက် ရွေးကောက်ပွဲကိုဖန်တီး ကာ ရွေးကောက်ခံ သမ္မတ အိပ်မက်ကို အရောက်လှမ်းဖို့ များနေပါတယ်။ ဒါမှသာ နိုင်ငံတကာကို လက်တစ်လုံး ခြားလုပ်နိုင်မှာဖြစ်ပြီး ၂၀၁၀ ဦးသိန်းစိန်အစိုးရ လက်ထက်ကလို စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက်ကို ဖန်တီး ပေးနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ပွဲဟာ နွေဦး တော်လှန်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတာကတော့ သေချာပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly