KIA ထိန်းချုပ်ဧရိယာအတွင်း ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

By အဂမ် (မနောမြေ) 
14 January 2023
KIA ထိန်းချုပ်ဧရိယာအတွင်း ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ဇန်နဝါရီလ ၁၄ ရက်

ကချင်ပြည်နယ်၊ KIA တပ်မဟာ (၂) ထိန်းချုပ်ဧရိယာဖြစ်သည့် တနိုင်းမြို့နယ်အတွင်း ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများအား ကေအိုင်အေတပ်က ဆောင်ရွက်နေပြီး၊ ဘိန်းဖြူကုန်ကူးသူ နှစ်ဦးထက်မနည်း ဖမ်းဆီးအရေးယူထားကြောင်း ကေအိုင်အေ သတင်းရင်းမြစ်များက ဆို သည်။

ယခုလ ဇန်နဝါရီ ၃ ရက်နေ့ကစ၍ တနိုင်းဒေသဘက်က ဘိန်းခင်းတွေကို လိုက်လံခုတ်ထွင်ရှင်းလင်းနေပြီး၊ ဇန်နဝါရီလ တစ်လလုံးအတွင်း တနိုင်းမြို့နယ် တရုံကျေးတစ်ဝိုက်နှင့် တနိုင်းချောင်းတစ်လျှောက်ကို အပြီးသတ်ရှင်းလင်းသွားမှာဖြစ်ကြောင်း သိရသည်။

“ မူးယစ်ဆေးဝါးပပျောက်ရေး စီမံချက်အတိုင်း လုပ်နေတာဟုတ်တယ်။ ဒီတစ်လလုံး လုပ်သွားဖို့တော့ရှိတယ်”ဟု ကေအိုင်အေ သတင်းရင်းမြစ်တစ်ဦးက အခုလိုပြောသည်။

ယခုလို လုပ်ဆောင်နေချိန်တွင် ကေအိုင်အေ တပ်မဟာ (၂) နယ်မြေဘက်မှာ ဘိန်းဖြူခွက် သယ်ဆောင်ကုန်ကူးလာသူ နှစ်ဦးကို ဇန်နဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးထားသည်ဟု ဆိုသည်။

ကေအိုင်အေ တပ်မဟာ (၂)၊ တပ်ရင်း (၁၄) ထိန်းချုပ်နယ်မြေဘက်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်ကျော်ခန့်က ဘိန်းဖြူသယ်ဆောင် ကုန်ကူးသူများကို စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း(၁၄)အရာရှိတစ်ဦးက ယခုလိုပြောသည်။

" အခု ဖမ်းမိထားတဲ့နေရာမှာ ကျနော်တို့တပ်ဖွဲ့တွေ အထိုင်ချစစ်ဆေးနေတဲ့ နေရာ (စစ်ဆေးရေးဂိတ်) ဟုတ်တယ်။ အဲ့မှာ အခုအားလုံးကြားတဲ့အတိုင်း စီမံချက်အတိုင်း စစ်ဆေးရင်း ဖမ်းမိလိုက်တာ ဟုတ်တယ်" လို့ ပြောသည်။

ယခုလို ဘိန်းဖြူခွက် သယ်ဆောင်လာသူ နှစ်ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး၊ မိုးကောင်းမြို့နယ် တိုက်ဝါးကုန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်မေရီ နှင့် အသက် ၄၇ အရွယ် တစ်ရွာတည်းနေထိုင်သူ ဒေါ်မိငယ် တို့ဖြစ်ကြကြောင်း သိရသည်။

ဘိန်းဖြူဆပ်ပြာခွက် ၇၇ ခုကို ခလုန်ချောင်းရိုးအတိုင်း ဦးသားညီရဲ့ စက်လှေဖြင့် သယ်ဆောင်လာစဥ် ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ စစ်ဆေးခြင်းကိုခံရစဥ် ယခုလို ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဘိန်းခင်းတွေကို လာရောက်ခုတ်ထွင်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ နှစ်တိုင်းလိုလို KIA ဘက်ကသာ ခုတ်ထွင်ရှင်းလင်းရေးတွေကို ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly