ပါကစ္စတန်တာလီဘန်နှင့် ဆက်စပ်အဖွဲ့များအား အာဖဂန်မြေပေါ်တွင် လက်မခံရန် ပါကစ္စတန်အစိုးရ တောင်းဆို

By ANI
14 January 2023
 ပါကစ္စတန်တာလီဘန်နှင့် ဆက်စပ်အဖွဲ့များအား အာဖဂန်မြေပေါ်တွင် လက်မခံရန် ပါကစ္စတန်အစိုးရ တောင်းဆို

ပါကစ္စတန်က တီရစ်-အီ-ပါကစ္စတန်တာလီဘန် (TTP) နှင့် မဟာမိတ်အဖွဲ့များကို အာဖဂန်နစ္စတန်မြေပေါ်တွင် လက်မခံရန် တာလီဘန်အား တောင်းဆိုသွားမည်ဟုThe Express Tribune က ဖော်ပြသည်။ ပါကစ္စတန်တာလီဘန်နှင့် အခြားအကာအကွယ်ပေးသော အဖွဲ့အစည်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ပါကစ္စတန်အစိုးရက အာဖဂန်တာလီဘန်များအား တောင်းဆိုမည်ဖြစ်သည်။

အာဖဂန်တာလီဘန်များကို ရွေးချယ်ခွင့်ပေးမည်ဟု ပါကစ္စတန်အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်များက ပြောထားသည်။

အကြမ်းဖက်အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရှိလာပါက အစိုးရသည် ပါကစ္စတန်တာလီဘန် (TTP) နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာနာဆာနာအူလာက ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရသည် TTP ကဲ့သို့သော မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့်မဆို ဆွေးနွေးမည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားပြီး နောက်နေ့တွင် ဝန်ကြီးက ဆန့်ကျင်ဘက်ပြောကြားလာခြင်းဖြစ်သည်။

 ပါကစ္စတန်တာလီဘန်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာရန် ဆုံးဖြတ်မည်ဆိုပါက ဆွေးနွေးနိုင်ကြောင်း  Geo News က ဆာနာအူလာ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ သို့သော် ယခင် ပါကစ္စတန်အစိုးရများကလည်း TTP ကို အလားတူတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ပါကစ္စတန်တာလီဘန်သည် ပါကစ္စတန်ပြည်ထဲရေး စုံစမ်းထောက်လှမ်းရေးဌာနမှ အကြီးတန်း အရာရှိ ၂ ဦးကို ၎င်းတို့ သတ်ဖြတ်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်က ဝန်ခံခဲ့သည်ဟု Khaama Press က ဖော်ပြခဲ့သည်။

ထောက်လှမ်းရေး အရာရှိ ၂ ဦးသည် စားသောက်ဆိုင်တစ်ဆိုင်၏ အပြင်ဘက်တွင် ၎င်းတို့၏ ကားကို သန့်ရှင်းရေးလုပ်နေစဉ်  သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူများသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့သည်။

ပါကစ္စတန်တာလီဘန် တိုက်ခိုက်ရေးသမားများသည် ပါကစ္စတန် အရာရှိ ၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ပါကစ္စတန်တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ခူရာဆာနီက ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်တာလီဘန်များသည် ၂၀၂၂ ခုနှစ်အတွင်း ပါကစ္စတန်အစိုးရအား တိုက်ခိုက်ရာတွင် လူပေါင်း ၁၀၀၀ ခန့် ဒဏ်ရာရ သေဆုံးခဲ့ကြောင်း စာရင်းထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်တာလီဘန်က ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တွင် တိုက်ခိုက်မှုအများစု ပြုလုပ်ခဲ့ကြောင်း ဗီဒီယိုတစ်ခုတွင် ပြောထားသည်။ ၎င်းတို့သည် ပြည်နယ်အပြင်ဘက်တွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Khaama Press က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly