တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်း ပထမဆုံးခရီးစဉ်အဖြစ် အာဖရိကသို့ သွားရောက်

By South China Morning Post
14 January 2023
တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်း ပထမဆုံးခရီးစဉ်အဖြစ် အာဖရိကသို့ သွားရောက်

 

တရုတ်နိုင်ငံခြားရေးန်ကြီးသစ် ကျင်ဂန်းသည် တရုတ်နှင့်အမေရိကန်တို့ သြဇာလွှမ်းမိုးရန် အပြိုင်ကြိုးစားနေသည့် အာဖရိကသို့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဇန်နဝါရီလ ၉ ရက်က သွားရောက်ခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်းသည် အီသီယိုးပီးယား၊ ဂါဘွန်၊ အန်ဂိုလာ၊ ဘီနင်နှင့် အီဂျစ်နိုင်ငံများသို့ ပတ်ကြာ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်သည် တရုတ်-အာဖရိက ဘက်စုံမဟာဗျူဟာနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပေကျင်းတွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဝမ်က ပြောကြားခဲ့သည်။

ကျင်ဂန်းသည် အီသီယိုးပီးယားရှိ အာဖရိကသမဂ္ဂဌာနချုပ်သို့ သွားရောက်ပြီး အီဂျစ်တွင် အာရပ်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် အာမက်အဘူဂိုက်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အာဖရိကဒေသဆိုင်ရာ တရုတ်၏ ကတိကဝတ်ကို အလေးထားသည့်အနေဖြင့် နှစ်တစ်နှစ်၏အစတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အာဖရိကသို့ သွားရောက်ခြင်းသည် ကာလကြာရှည်စွာတည်ရှိနေသည့် အစဉ်အလာတစ်ရပ်ဖြစ်သည်။

ကျင်ဂန်း၏ခရီးစဉ်သည် ပြီးခဲ့သည့်လက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တွင် ကျင်းပသည့် ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများအတွက် တရုတ်၏ စီးပွားရေးကတိကဝတ်များကို အလေးပေးပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ်မှ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တွဲဖက်ပါမောက္ခ ဒိုင်လန်လိုက ကျင်ဂန်းသည် အာဖရိကနှင့်ဆက်ဆံရေးအတွက် တွန်းအားသစ်များကိုဆောင်ကြဉ်းပေးနိုင်ပြီး ဒေသတွင်းတွင် တရုတ်က အမေရိကန်ကို ဆက်လက်ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာဖရိကတွင် အခြေခံအဆောက်အအုံများတည်ဆောက်ရုံသာမက စစ်ရေးအထောက်အပံ့နှင့် အင်တာနက်ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် မကြာသေးမီနှစ်များအတွင်း သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လာခဲ့သည်။

တစ်ဖက်တွင်လည်း ယခင်လက ဝါရှင်တန်၌ကျင်းပသည့် အဆင့်မြင့်ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဖရိက၏အနာဂတ်ကို ထည့်တွက်ရန် ကတိပြုပြီး အမေရိကန်ကို အာဖရိကနိုင်ငံများအတွက် ရွေးချယ်စရာမိတ်ဖက်အဖြစ် ပြောကြားခဲ့သည်။

ဘိုင်ဒင်က အာဖရိကတွင် လာမည့် ၃ နှစ်အတွင်း အမေရိကန်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံနှင့် ပုဂ္ဂလိက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များနှင့် မိတ်ဖက်လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ပါဝင်မည်ဟု ကတိပြုခဲ့သည်။

"ဘိုင်ဒင်ကပြောနေပေမဲ့ တရုတ်ရဲ့လွှမ်းမိုးမှုက တောင့်ခံနိုင်မယ်လို့ ထင်ပါတယ် အထူးသဖြင့် အမေရိကန်က အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်နေချိန်မှာ တရုတ်ကို အနိုင်ပိုင်းနိုင်ဖို့ ခက်ခဲလိမ့်မယ်" ဟု ဒိုင်လန်လိုက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံရှိ တရုတ်-အာဖရိက အကြံပေးဖွဲ့ကို တည်ထောင်သူ ဒါရိုက်တာ မော်ရစ်ဝိုက်ဂယ်က ပြီးခဲ့သောလက နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ဝမ်ယိထံမှ လွှဲပြောင်းရယူခဲ့သော ကျင်ဂန်းအား အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး၏ အရေးကြီးပုံကို အလေးထားရန် မျှော်လင့်နေသည်။

ယခုခရီးစဉ်သည် လာမည့်ဆယ်စုနှစ်အတွင်း တာဝန်ထမ်းဆောင်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်နှင့် ဆက်ဆံရေးတည်ဆောက်ရန် အာဖရိကနိုင်ငံများနှင့် အာဖရိကသမဂ္ဂကော်မရှင်တို့အတွက် အရေးပါမည်ဖြစ်ကြောင်း မော်ရစ်ဝိုက်ဂယ်က မှတ်ချက်ပြုခဲ့သည်။

ကျင်ဂန်းသည် အာဖရိကနိုင်ငံများ၊ တရုတ်နှင့် အနောက်အင်အားကြီးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခြင်းဖြင့် ကျေအေးရန်ကြိုးစားဖွယ်ရှိကြောင်း တောင်အာဖရိကနိုင်ငံ၊ စတယ်လန်ဘော့ချ်တက္ကသိုလ်ရှိ နိုင်ငံတကာနှင့်ခေတ်ပြိုင်နိုင်ငံရေးဌာနမှ သုတေသီ တင်မ်ဇာယောင့်ဇ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly