အာဏာကို ဆက်လက်ချုပ်ကိုင်ထားဖို့ စစ်ခေါင်းဆောင် ကြံစည်နေ (ဆောင်းပါး)

By (ဓားရိုင်း) 
13 January 2023
အာဏာကို ဆက်လက်ချုပ်ကိုင်ထားဖို့ စစ်ခေါင်းဆောင် ကြံစည်နေ (ဆောင်းပါး)

ဇန်နဝါရီလ ၁၃ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၂၃ နှစ်သစ်အစမှာပဲ အရေးပေါ်ကာလအလွန် အာဏာကိုဆက်ထိန်း ထားနိုင်ဖို့ ခြေလှမ်းတွေစတင်နေပါတယ်။ သူ့ရဲ့နှစ်သစ်ကူးစကားထဲမှာ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို မဲဆွယ်သွားခဲ့သလို ရွေးကောက်ပွဲမဟုတ်တဲ့ရွေးကောက်ပွဲကို နေရာလပ်မကျန် ကျင်းပမယ်ဆိုပြီး ပြောသွားပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေ အပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်ဆိုပြီး စစ်ခေါင်း ဆောင်ကပြောသွားခဲ့တာပါ။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့် အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်လို့ ဒီအခွင့်အရေးကို အရယူ နိုင်ဖို့ မျှော်လင့်တယ်ဆိုပြီးလည်း ဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အပစ်ရပ်သက်တမ်းတိုးတဲ့ ကြေညာချက်ကိုလည်း စစ်ကောင်စီက ထုတ်ပြန်သွားခဲ့တာတွေ့ရပါတယ်။ ပါးစပ်ကအပစ်ရပ်ပြီး ပြောင်းဝကနေကျည်ထွက်နေတဲ့ အပစ်ရပ်ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိထပ်မံသက်တမ်းတိုးခဲ့တာဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ သက်တမ်းကုန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ၁ နှစ်တာ သက်တမ်းထပ်တိုးလိုက်တာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့်ရပ်စဲလိုက်တာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်စပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ်တာကာလ အတွင်းကြည့်မယ်ဆိုရင် စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ရှိသွားခဲ့ပြီ လည်းဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရာမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ရေး ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU-KNLA/PC) ၊  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS(SSA))၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU ) ၇ ဖွဲ့နဲ့ NCA မထိုးထားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်( NDAA) ၊ ရှမ်းပြည်တိုးတက် ရေးပါတီ SSPP(SSA) တို့နဲ့သာ အပစ်ရပ်စဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေး ညှိနှိုင်းမှုမရှိတဲ့ ကချင် အမျိုးသားလွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပြင် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကတော့ နေ့စဉ်နဲ့ဆိုသလို ရှိနေတာပါ။ ရက္ခိုင့်တပ်တော် (AA)နဲ့ ကတော့ ပြီးခဲ့တဲ့လပိုင်းကမှ အလွတ်သဘော အပစ်ရပ်ထားခဲ့တာဖြစ်ပါတယ်။  မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးဌာန ISP မြန်မာရဲ့ စစ်တမ်းအရတော့ အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပွားခဲ့တယ်လို့ ဖော်ပြထားတာ 

တွေ့ရပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်းရှိခဲ့တာပါ။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ (PDF/LDF/CDF/CNDF/KNDF) တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲပေါင်း ၂၂၆၇ ကြိမ်ထက်မနည်းရှိခဲ့သလို EAOs တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်းကလည်း ၉၂၅ ကြိမ် ထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့အပစ်ရပ်စဲရေးဟာ သူတို့ ပစ်ချင်တဲ့ဒေသမှာပစ်ပြီး ရပ်ချင်တဲ့ဒေသမှာရပ်တဲ့ အပစ်အခတ်ရပ်စဲရေးသာဖြစ်ပါလိမ့်မယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သူ့ဘက်ပါလာအောင် နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းနေသလို စစ်အာဏာရှင်ဟောင်း အသိုင်းအဝိုင်းရဲ့ထောက်ခံမှုရအောင်လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က နေပြည်တော်မှာလုပ်တဲ့ လွတ်လပ်ရေးနေ့အကြို ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်ပွဲမှာဆိုရင်လည်း သံသရာမှာ ဘယ်ရောက်နေမှန်မသိတဲ့ ဝန်ကြီးချုပ် ဦးနု၊ သမ္မတ ဦးစန်းယု ၊ ဗိုလ်ချုပ် ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ အပါအဝင် ဗိုလ်ချုပ်ကြီးတွေကို ဘွဲ့ထူးဂုတ်ထူးတွေ ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ ဒီလို ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးတယ်ဆိုတာ စစ်ကောင်စီလက်စွဲဥပဒေ ၂၀၀၈ ခြေဥအရ အာဏ သိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ တစ်ယောက်ရဲ့ တာဝန်တွေမဟုတ်ပါဘူး။ ယာယီသမ္မတ ဦးမြင့်ဆွေ လုပ်ဆောင်ရမယ့် တာဝန်တွေသာဖြစ်ပါတယ်။ ဒါကို သမ္မတ အဆောင်အယောင်တွေဝတ်ပြီး ဘွဲ့ထူး ဂုတ်ထူးတွေ ချီးမြှင့်ပေးနေ နေတဲ့ စစ်ခေါင်းဆောင်ရဲ့လုပ်ရပ်ဟာ သူရဲ့ သမ္မတရူးအိပ်မက်ကို အထင်သားပေါ်လွင်စေခဲ့တာတော့အမှန်ပါပဲ။ အခုလို တစ်ချိန်ကအာဏာရှင်ဟောင်းကြီးတွေကို ချီးမြှင့်မှုလုပ်တာကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပေါ်ပြူ လာဖြစ်ချင်လို့ လုပ်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။ အရေးပေါ် ကာလအလွန်မှာ အာဏာကိုနည်းမျိုးစုံနဲ့ ဆက်ထိန်းထားနိုင်ဖို့အတွက် စည်းရုံးရေးဆင်းတဲ့ လုပ်ရပ်လို့ပဲ မြင်ပါ တယ်။ ဘာကြောင့်လည်းဆိုရင် အရေးပေါ်ကာလအလွန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေပါဝင်တဲ့ “အသွင်ကူးပြောင်း ရေးကောင်စီ” ဆိုတဲ့ နောက်ထပ်ကောင်စီတစ်ခုပေါ်ပေါက်လာဖို့ရှိနေပြီး အဲဒီကောင်စီကို သူကိုယ်တိုင် ဦးဆောင် သွားမယ့် သတင်းတွေ စစ်ကောင်စီအသိုင်းအဝိုင်းကနေ ထွက်နေတာကြောင့်ပဲဖြစ်ပါတယ်။ အခုလ ဇန်နဝါရီ ၃၁ ရက်ဆိုရင် စစ်အာဏာသိမ်းထားတာ ၂ နှစ်ပြည့်ပြီး အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယာယီ သမ္မတ ဦးမြင့်ဆွေ ကို အာဏာပြန်လွှဲပေးရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ဦးမြင့်ဆွေကို အာဏာပြန်အပ်မယ့် ပုံစံမျိုးလုံးဝမတွေ့ရပါဘူး။ သတင်းတွေထွက်နေတဲ့အတိုင်း “အသွင်ကူးပြောင်းရေးကောင်စီ” သာပေါ်ပေါက်လာဖို့ရှိနေပါတယ်။ အဲဒီကောင်စီကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း အပြီးဖွဲ့စည်းမှာဖြစ်ပြီး သူကိုယ်တိုင်ပဲ ဦးဆောင်မှာဖြစ်သလို တိုင်းပြည်အာဏာကိုလည်း စစ်တပ်ကပဲ ဆက်လက်ချုပ်ကိုင်သွားဖို့ ရှိနေတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက ၁ နှစ် တစ်ကြိမ်၊ ၆ လ နှစ်ကြိမ် သက်တမ်းတိုးခွင့်ပေးထားပြီး အဲဒါတွေ ပြီးသွားရင်တော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကနေ ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်ကာလဟာ ၂ နှစ်ပဲ ပြဌာန်းထားတာမို့ ၂ နှစ်ထက်လွန်တဲ့ အရေးပေါ်လွန် ကာလအတွက် လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူဘာဆက်လုပ်မလဲဆိုတာ တိုင်းပြည်ကို အသိပေးဖို့ တာဝန်ရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ ဒီကိစ္စနဲ့ပတ်သက် ပြီး အရိပ်အယောင်တောင်မပြခဲ့ပါဘူး။ သူ့စိတ်ကြိုက်ချယ်လှယ်မဲ့ ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ပွဲအတွက် သာကြိုတင်ပြင်ဆင်နေတာကို တွေ့ရပါတယ်။ အောက်ခြေမှာ စစ်ကောင်စီ စိတ်ကြိုက်လိုက်ပါလုပ်ဆောင်မယ့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ကြံ့ဖွံ့ပါတီဝင်တွေနဲ့ အစားထိုးတာ၊ လူဦးရေစာရင်းတွေ ပြန်ကောက်ဖို့ ကြိုးစား တာနဲ့ ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေကို လိုက်လံဆက်သွယ်တာတွေ ပြုလုပ်နေပါတယ်။ ကြံ့ဖွံ့ပါတီမှာဆိုရင် လည်း စစ်ခေါင်းဆောင်ရဲ့အမိန့်ကို အသင့်ခေါင်းညိတ်ပေးမယ့် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အသင့်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း စစ်ဗိုလ်ချုပ်တွေနဲ့ လူစားထိုးပြီး ပြင်ဆင်ဖွဲ့စည်းထားခဲ့တာပါ။ လက်ရှိ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုး ဆိုတာကလည်း ၂၀၁၀ တုန်းက အမျိုးမျိုး မဲလိမ်မှုတွေနဲ့ ကလိမ်ကကျစ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပဲဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းခဲ့တာကိုကြည့်ရင် အဖြေက ရှင်းနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ ရွေးကောက်ပွဲ ကော်မရှင်တစ်ခုဟာ ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို ပယ်ဖျက်ခွင့်မရှိဘဲ တိုင်ကြားချက်တစ်ခုချင်းကိုပဲ ခုံဖွဲ့ စစ်ဆေးဆုံးဖြတ်လို့ရတာဖြစ်ပါတယ်။ ဒါကို ဦးသိန်းစိုးက စစ်ခေါင်းဆောင်အလိုကျ ၂၀၂၀ မဲရလဒ်ကို ပယ်ဖျက် ပေးခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သူ့အာဏာတည်မြဲရေးနဲ့ သမ္မတ ဖြစ်ရေးအိပ်မက်အတွက် ပြင်ဆင်မှုတွေကို အတိုင်းအတာတစ်ခုထိရောက်အောင် လှမ်းထားပြီးဖြစ်တယ်လို့တောင် မှတ်ယူလို့ရနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာကို တင်းကျပ်ကျပ်ဆုပ်ကိုင်ထားနိုင်ဖို့ အတွက် ဗျူဟာ သုံးရပ်ကို ၂၀၂၃ အတွက် ချမှတ်ထားပြီးဖြစ်တယ်လို့လည်း ဝါရင့်သံတမန် နဲ့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း ခရစ်ရှနား ဆရီနီဗာဆန်က အိန္ဒိယ တယ်လီဂရပ်ဖ်သတင်းစာမှာပါတဲ့ သူ့ရဲ့ဆောင်းပါးမှာဖော်ပြ ထားတာတွေ့ရပါတယ်။ သူကလည်း စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နည်းမျိုးစုံသုံးပြီး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့၊ လက်တစ်ဆုပ်စာ တိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီက ဖောက်ပြန်ရေးသမားတချို့ကိုစည်းရုံးပြီး ရွေးကောက်ပွဲကျင်းပသွားဖို့၊ အချိုးကျကိုယ်စားပြုစနစ်(PR)ကိုအသုံးချပြီး လွှတ်တော်မှာ လူများစုပါတီဖြစ်မလာအောင်လုပ်ဖို့ ဆိုတဲ့ အစီအစဉ် တွေကို ချမှတ်ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့အခြေအနေကလည်း ဒီလမ်းစဉ်တွေ အပေါ် မှာပဲ အခြေခံလာတာကို တွေ့နေရတာဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ကျရှုံးနေပြီဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးကစားပွဲကို ဒီနည်းလမ်းတွေနဲ့ပဲ အဆုံးသတ်နိုင်ဖို့ ကြိုးစားမှာသေချာပါ တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly