ဇန်နဝါရီလ ၁၃ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊ အုတ်ကျင်း လမ်းမပေါ်ရှိ မိုးရေခဲစက်ရုံတွင် ယနေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုများ ထပ်မံဖြစ်ပွားလာကြောင်း သိရသည်။
“မနေ့ကလိုထပ်ဖြစ်ပြန်ပြီဗျ။ မီးပြန်လာတော့ ခလုပ်ထပ်စမ်းတယ်ပြောတယ်၊ ကပ်လျက်တိုက်တွေက လူတွေလမ်းမပေါ်အကုန်ပြေးထွက်လာကြတာ၊ အခု မီးသတ်တွေရော ဆေးရုံကားတွေရော ရောက်နေပြီ။ ဖြစ်ဖြစ်ချင်းက ဘေးချင်းကပ်တိုက်တွေက အပြင်စထွက်ကြတာ၊ ဆေးရုံကားတွေ မီးသတ်တွေလည်း အဲ့လမ်းထဲကလူတွေပဲ လှမ်းခေါ်လိုက်တာ၊ မီးရုတ်တရက်ပျက်သွားသေးတယ်ဗျ၊ ၆ နာရီ ခွဲ လောက်က မီးပြန်လာတော့ ဘေးကတိုက်တွေ၊ လမ်းထဲ အငွေ့တွေတောင်ထနေလို့ပြေးလာတာ” ဟု အနီးနေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါရေခဲစက်မှ ယမန်နေ့ညက ယိုစိမ့်မှုဖြစ်ပွားခဲ့ရာမှ အမိုးနီးယားဓာတ်ငွေ့များလည်း ဘေးပတ်ဝန်းကျင်သို့ပျံ့နှံ့ခဲ့ခြင်းကြောင့် လူအများ မူးဝေခြင်း၊ အော့အန်ခြင်း၊ မျက်စိစပ်ခြင်း စသည့်ဝေဒနာများကို ခံစားခဲ့ရကြောင်း သိရသည်။
ယနေ့တွင် ထိုရေခဲစက်မှ ပေါက်ကွဲသံမကြားရသော်လည်း ယမန်နေ့ကအတိုင်း အနံ့များရသောကြောင့် အနီးနေပြည်သူများ တိုက်အောက်၊ အိမ်ရှေ့ပြေးထွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ဆေးရုံကား၊ မီးသတ်ကားများ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကာ ထိခိုက်လူနာမရှိကြောင်း သိရသည်။ သို့သော် အနီးရှိပြည်သူများမှာ စိုးရိမ်စိတ်များရှိနေသေးသဖြင့် လမ်းပေါ်ထိုင်စောင့်နေကြကြောင်း ဆိုသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)