CDM မူဝါဒ မူကြမ်းအတည်ပြုနိုင်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း NUCCဆို

By မိုးသောက် (မဇ္ဈိမ)
13 January 2023
CDM မူဝါဒ မူကြမ်းအတည်ပြုနိုင်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း NUCCဆို

ဇန်နဝါရီလ ၁၃ ရက်

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သူများနှင့် ပတ်သက်သည့် CDM မူဝါဒ မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)တွင် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်မှာ NUCC Meeting မှာ CDM Policy ကိစ္စ ပြန်ဆွေးနေကြပါတယ်ခင်ဗျာ။ NUCCမှာ အတည်ပြုပေးဖို့ တင်ထားတာလည်းကြာပါပြီ၊ အခုတစ်ကြိမ်က အတည်ပြုပေးရေးကိစ္စအတွက်ဆွေးနွေးနေကြတာပါ” ဟု NUCCပြောရေးဆိုခွင့်ရှိသူ ဦးတိုးကျော်လှိုင်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက JCC- CDM က CDM Policy မူကြမ်းကို ရေးဆွဲပြီးစီးခဲ့ပြီးနောက်တွင် အတည်ပြုနိုင်ရေးအတွက် NUCCထံသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ JCCသည် Joint Coordination Committee ဖြစ်ပြီး NUCCနှင့် NUG ကြား မူဝါဒရေးရာပေါင်းစပ်ညှိနှိုင်းရန်အတွက် NUCC က ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

JCC- CDM က ရေးဆွဲခဲ့သည့် CDM Policy သည် တော်လှန်ရေးကာလအလွန်တွင် CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများကို မည်ကဲ့သို့ ဂုဏ်ပြုသွားမည်နှင့် Non-CDMများကို မည်သို့ အရေးယူဆောင်ရွက်မည် စသည့်အချက်များ ပါဝင်သည်ဟုလည်း သိရသည်။

လများစွာကြာမြင့်သည့်တိုင် အတည်ပြုနိုင်ခြင်းမရှိသည့် CDM Poilcyကို အမြန်ဆုံး ဆုံးဖြတ် အတည်ပြုနိင်ရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပညာရေးနှင့် ကျန်းမာရေးCDM အစုအဖွဲ့များက CRPH ၊ NUG၊ NUCCတို့ထံသို့ အိတ်ဖွင့်ပေးစာများပေးပို့ခဲ့သည်။

CDM မူဝါဒသည် တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလတွင် CDMများ တရားမျှတမှုရရှိရေးအတွက် အရေးပါသော ကိစ္စရပ်တစ်ရပ်ဖြစ်သည့်အတွက် အမြန်ဆုံးအတည်ပြုပေးနိုင်ရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း သိရသည်။

အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည့် BEGSC အတွင်းရေးမှူးအဖွဲ့ဝင် ဆရာဦးကျော်ရဲလွင်က”ဒါကို ဒီကာလမှာ အမြန်ဆုံးအတည်ပြုပေးဖို့ လိုတယ်။ ဒီမူဝါဒရှိမှသာလျှင် ကျနော်တို့ CDMတွေအတွက် အသွင်ကူးပြောင်းရေးကာလမှာ CDMဝန်ထမ်းတွေအတွက် တရားမျှတမှုကို ပြန်လည်ရှာဖွေနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဆိုသည်။

ကျန်းမာရေးမိသားစု(မန္တလေး)မှ တာဝန်ရှိသူ ဒေါက်တာ စိုးသူရဇော်က “နွေဦးတော်လှန်ရေးမှာစတင်ပြီးတော့ စစ်မျက်နှာဖွင့်ခဲ့တာသည် CDMနဲ့စတင်ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့ ကျနော်တို့သည် CDM တွေအတွက် တရားမျှတမှု ရှာဖွေဖို့ လိုပါတယ်။ အဲဒီလို လိုတယ်ဆိုမှတော့ ကြားကာလ တော်လှန်ရေးကာလအတွင်းမှာ တရားမမျှတမှုတွေရှိနေတဲ့ အတွက်ကြောင့်မို့ဖြစ်ပါတယ်“ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီနှင့်ပူးပေါင်းပြီး Non CDMပြုလုပ်နေသည့် ဝန်ထမ်းများကိုလည်း အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် CDMမူဝါဒသည် အရေးပါနေကြောင်း ၎င်းကဆက်ပြောသည်။

CDM Policy မူကြမ်းကို NUCCသည် နောက်ဆုံးအဆင့်အတည်ပြုရမည်ဖြစ်ပြီး အတည်ပြုပြီးပါက မူဝါဒအဖြစ် တွေ့ မြင်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆွေးနွေးနေဆဲအဆင့်သာရှိနေပြီး Non- CDMများကို အရေးယူမည့် ကိစ္စများနှင့် ပတ်သက်ပြီး အဓိကထားဆွေးနွေးနေကြောင်း ဦးတိုးကျော်လှိုင်က ဆိုသည်။

"Non-CDM တွေကို ဘယ်လိုအပြစ်ပေးအရေးယူမှုတွေ ဆောင်ရွက်သင့်သလဲ ဆိုတာကို အဓိက ချိန်ဆဆွေးနွေးနေကြတာပါ"ဟု ပြောသည်။

စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်လိုဟုဆိုကာ နိုင်ငံ့ဝန်ထမ်းယန္တရားအသီးသီးမှ CDMပြုလုပ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများသည် သိန်းနှင့်ချီရှိနေသည်။ ၎င်းတို့သည် လက်ရှိအချိန်တွင် နေအိမ်များ ချိပ်ပိတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း ၊ သေဒဏ်ချမှတ်ခံရခြင်း၊ စစ်ကောင်စီ၏ သတ်ဖြတ်မှုကိုခံရခြင်းနှင့် နေရပ်စွန့်ခွါ ထွက်ပြေးနေရခြင်း စသည့် ဒုက္ခများကို ရင်ဆိုင်ရလျက်ရှိနေသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly