အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ပြည်နယ်ရှိ အမျိုးသမီးပညာရေးကျောင်းများကို ပြန်ဖွင့်ပေးရန် လူမျိုးစုအကြီးအကဲများ တောင်းဆို

By ANI
13 January 2023
အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ပြည်နယ်ရှိ အမျိုးသမီးပညာရေးကျောင်းများကို ပြန်ဖွင့်ပေးရန် လူမျိုးစုအကြီးအကဲများ တောင်းဆို

အာဖဂန်အမျိုးသမီးများအပေါ်  တာလီဘန်၏ ဖိနှိပ်မှုများ ဆက်ရှိနေချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ပြည်နယ်ရှိ လူမျိုးစုအကြီးအကဲအချို့က အမျိုးသမီးပညာရေးကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင် အလုပ်လုပ်ခွင့်ပြုရန် အာဏာပိုင်များကို တိုက်တွန်းလိုက်ကြောင်း TOLO သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မှန်မှန်ကန်ကန် ရွေးချယ်မှုမပြုလျှင် တာလီဘန်များနှင့် ပြည်သူများကြား ပိုမိုဝေးကွာလာမည်ဖြစ်ကြောင်း အကြီးအကဲများက ဆိုသည်။

အမျိုးသမီးတွေကို အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့်ပေးသင့်ပါတယ်။ မိန်းကလေးတွေကို ခေါင်းစည်းပုဝါဝတ်ဆင်စေပြီးတော့ ကျောင်းတွေပြန်ဖွင့်ပေးတာက ပိုကောင်းပါတယ်” ဟု လူမျိုးစုအကြီးအကဲတစ်ဦးဖြစ်သူ ရှားပူးရ် ပြောကြားခဲ့သည်။

ဒီလိုမှ လုပ်ခွင့်မရှိရင် လူဟာ အကြားအမြင်ဗဟုသုတမရှိ ဖြစ်သွားပါလိမ့်မယ်။ ပညာရေးမီးရှူးတန်ဆောင်ကို ထွန်းညှိပေးဖို့ အာဖဂန်အစိုးရ တာဝန်ရှိသူအားလုံးကို တောင်းဆိုပါတယ်” ဟု အခြားသော လူမျိုးစုအကြီးအကဲ ဆီမင်းခန်းဇက်ဒရန်က ပြောကြားခဲ့သည်။

အမျိုးသမီးများနှင့် မိန်းကလေးများကို ပညာသင်ယူခြင်းနှင့်အင်န်ဂျီအိုများတွင် အလုပ်လုပ်ခြင်းအား တားမြစ်မှုအပေါ် ပြည်တွင်းပြည်ပမှ ဝေဖန်တုံ့ပြန်မှုများ ထွက်ပေါ်လာပြီးနောက် လူမျိုးစုခေါင်းဆောင်များက ကျောင်းများဖွင့်ပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်တွင် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်သည်။

တာလီဘန်အာဏာပိုင်များသည် အင်န်ဂျီအိုများတွင် အမျိုးသမီးများအား အလုပ်လုပ်ခြင်းကိုတားမြစ်သည့် အမိန့်ကို ဒီဇင်ဘာလ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ အမျိုးသမီးများ တက္ကသိုလ်ပညာသင်ယူခွင့်နှင့် မိန်းကလေးငယ်များ အလယ်တန်းပညာသင်ယူခွင့်ကို နောက်ထပ်သတိပေးချက် မထုတ်ပြန်မချင်း ဆိုင်းငံ့ထားပြီးနောက် အလုပ်လုပ်ခွင့်ပါ တားမြစ်လာခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအား အဆင့်မြင့်ပညာသင်ယူခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် နိုင်ငံတွင်းချမှတ်ထားသော တာလီဘန်များ၏ သဘောထားတင်းမာသော မူဝါဒများအပေါ် ကမ္ဘာတစ်ဝန်းမှ အကြီးအကျယ်တုံ့ပြန်ကာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။

တာလီဘန်တို့ အာဏာသိမ်းပိုက်ပြီးနောက် အာဖဂန်နစ္စတန်ရှိ မိန်းကလေးငယ်များနှင့် အမျိုးသမီးများသည် အများဆုံး ထိခိုက်ခံစားခဲ့ကြရကာ ဆက်လက်ထိခိုက်ခံစားနေကြရဦးမည် ဖြစ်သည်။ အာဏာသိမ်းကာ အာဖဂန်လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ပြီးနောက် တာလီဘန်တို့က အမျိုးသမီးများ တက္ကစီစီးလျှင် ခေါင်းမြီးလုံအောင်ခြုံရန်နှင့် ၄၅ မိုင်ထက် ကျော်လွန်သော ခရီးသွားပါက အမျိုးသားဆွေမျိုးတစ်ဦးပါရှိရန် လိုအပ်ကြောင်း စည်းကမ်းထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly