ထိုင်ဝမ်သို့လာသည့် တရုတ်နိုင်ငံသား ၁၇ ရာခိုင်နှုန်းခန့်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ 

ထိုင်ဝမ်သို့လာသည့် တရုတ်နိုင်ငံသား ၁၇ ရာခိုင်နှုန်းခန့်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ 

 

တရုတ်နိုင်ငံမှ ထိုင်ဝမ်သို့ ဇန်နဝါရီ ၆ ရက်နေ့က လေကြောင်းခရီးဖြင့် ရောက်ရှိလာသူ ၁၃၀၅ ဦးအနက် ၁၇ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည့် ၂၂၅ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ဗဟိုကူးစက်ရောဂါကွပ်ကဲရေးဌာန (CECC) က ထုတ်ပြန်သည်။

ရောဂါကူးစက်ခံရသူအရေအတွက်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မြင့်မားလာသည်ဟု CECC ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ရောဂါထိန်းချုပ်ရေးဌာနလက်ထောက်ညွှန်ကြားရေးမှူးချုပ် ချွမ်ကျန်းဆမ်က ဆိုသည်။
တရုတ်နိုင်ငံသည် ဇန်နဝါရီ ၈ ရက်က နယ်နိမိတ်များကို ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားလာမှု ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ခြင်းကြောင့် ထိုင်ဝမ်အပေါ် သက်ရောက်မှုရှိ မရှိကို CECC က ဆက်လက်စောင့်ကြည့်နေကြောင်း ချွမ်က ပြောကြားသည်။
ထိုင်ဝမ်၏အစွန်အဖျားရှိ ကျွန်းများနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်ပေးသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်များနှင့် ရေယာဉ်ဝန်ဆောင်မှုများရှိသည့် လမ်းကြောင်းငယ် ၃ ခုကို ကင်မင်နှင့် လျန်ချန်းကောင်တီမှ ဒေသခံများအတွက် ဇန်နဝါရီ ၇ ရက်က တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
တရုတ်နိုင်ငံ ရှာမန်မြို့မှ ကင်မန် သို့ရောက်ရှိလာသော ရေယာဉ်ခရီးသည် ၃၇ ဦးအနက် ၇  ဦးသည် ကိုဗစ် - ၁၉ ကူးစက်ခံထားရကြောင်း CECC က ပြောသည်။
ဗဟိုကူးစက်ရောဂါကွပ်ကဲရေးဌာန (CECC) သည် ဇန်နဝါရီ ၈ ရက်က ဒေသတွင်း ကိုဗစ်အတည်ပြုလူနာအသစ် ၂၃ ၀၈၀ ဦး၊ ပြည်ပမှဝင်ရောက်လာကာ ကူးစက်ခံထားရသူ ၃၃၁ ဦးနှင့် သေဆုံးသူ ၃၆ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ဒေသတွင်းကူးစက်မှုအဖြစ် ဇန်နဝါရီ ၁ ရက်မှ ၇ ၇က် အထိ စုစုပေါင်း ၁၈၀ ၁၄၅ ဦးတွေ့ရှိခဲ့ပြီး ယခင်အပတ်ကတွေ့ရှိခဲ့သည့်  ၁၇၂ ၄၉၂ ဦးထက် ၄ ဒသမ၄ ရာခိုင်နှုန်း တိုးလာသည်။
သို့သော် ကူးစက်မှုနှုန်းသည် ပြီးခဲ့သည့်လ တတိယနှင့်စတုတ္ထပတ်ကြားတွင် စာရင်းထုတ်ပြန်ခဲ့သည့် ကူးစက်မှု ၄၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်မှုနှင့်ယှဉ်လျှင် သိသိသာသာ နှေးကွေးသွားကြောင်း ချွမ်က ပြောသည်။
SARS-CoV-2 အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်သော ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်တွင် နေ့စဉ်တွေ့ရှိရသည် အတည်ပြုလူနာအရေအတွက်မှာ အတက်အကျဖြစ်နေပြီး လွန်ခဲ့သည့်လက အလျင်အမြန်ကူးစက်မှု ဖြစ်ပွားခြင်းမှာ ခရီးသွားလာသူများပြားလာပြီး ကာကွယ်ရေးစီမံချက်များ ဖြေလျှော့လိုက်ခြင်းကြောင့် ဖြစ်နိုင် သည်ဟု ချွမ်က ဆိုသည်။
ရောဂါပိုးကူးစက်မှုမှ ခုခံအားစနစ်ရရှိထားခြင်းကြောင့် ယခုလအတွင်း ရောဂါပျံ့နှံ့မှုကို နှေးကွေးစေနိုင်ကြောင်း ချွမ်က ပြောသည်။
ထိုင်ဝမ်တွင် ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်သည့် သေဆုံးသူ ၃၆ ဦးအနက် အသက်အငယ်ဆုံးမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး  နာတာရှည် အာရုံကြောရောဂါဝေဒနာရှင်ဖြစ်၍ ပြုစုစောင့်ရှောက်ရေး ဂေဟာတွင်နေထိုင်ဖြစ်သည်။ သူသည် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ၅ ကြိမ်ထိုးထားသူဖြစ်သည်။
ထိုလူသည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဆုတ်ရောင်ရောဂါဖြင့် အသက်ရှုလမ်းကြောင်းစနစ်ပျက်စီးကာ ဇန်နဝါရီ ၄ ရက်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly