KIO/KIA ခေါင်းဆောင်သစ်နှင့် ကချင်စစ်မျက်နှာအလားအလာ

By အဂမ် (ကချင်မြေ)
13 January 2023
KIO/KIA ခေါင်းဆောင်သစ်နှင့် ကချင်စစ်မျက်နှာအလားအလာ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIO)၏ ခေါင်းဆောင်ရာထူးအပြောင်းအလဲကို ဇန်နဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့သည်။

KIO ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ "စစ်ကောင်စီဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ရန်သူတာဖြစ်တာကြောင့် ပြတ်သားစွာနဲ့ ရန်သူကို ရန်သူလို တိုက်ခိုက်ချေမှုန်းရမယ်"ဟု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်မိန့်ခွန်း ပြောဆိုမှုအပြီး နောက်တစ်နေ့မှာပဲ KIO ဗဟိုကော်မတီတွင် ယခုလိုအပြောင်းအလဲပေါ်ပေါက်လာခဲ့သည်။

KIO ဥက္ကဌရာထူး အပြောင်းအလဲအပြင် ကချင်လွတ်မြောက်ရေးကောင်စီ (KIC) အတွင်းရေးမှူးရာထူး၊ တိုင်းဒေသဗဟိုကော်မတီဥက္ကဋ္ဌရာထူးနှင့် လက်ထောက်ဥက္ကဋ္ဌရာထူးများတွင် အပြောင်းအလဲများဖြစ်ခဲ့သည်။

ဥက္ကဌ အင်ဘန်လနေရာမှာ ယခင် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ယာယီဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းရယူလိုက်သည်။ ထူးခြားချက်မှာ KIO တစ်ခုလုံး၏ ခေါင်းဆောင်ကို ယာယီအပြောင်းအလဲသာ ပြုလုပ်ထားခြင်းဖြစ်သည်။

ထို့အပြင် စစ်ဦးစီးချုပ်အပါအဝင်စစ်ဘက်ရာထူးများတွင်လည်း အပြောင်းအလဲများလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ စစ်ဦးစီးချုပ်ရာထူးကိုတော့ ယ ခင်က ဒုတိယစစ်ဦးစီးချုပ် (၁) ဖြစ်သည့် ဒုတိယဗိုလ် ချုပ်ကြီးခေါင်လွမ်းကို ရာထူးတိုးမြှင့်ကာ ခန့်အပ်ခဲ့သည်။

နောက်ထပ်ထူးခြားချက်အဖြစ် ယခုတစ်ခေါက်မှာ KIOအစိုးရ၏ ရာထူးအပြောင်းအလဲတွင် စစ်ရေးအပိုင်း တာဝန်ယူနေသည့်သူများကိုသာ အဓိကတာဝန်များရယူစေခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ရာထူးအပြောင်းအလဲလုပ်စဉ်က ရာထူး ငါးနေရာကို အ ပြောင်းအလဲလုပ်ခဲ့သည်ကို မဇ္ဈိမက ရရှိထားသည့် အမိန့်စာများအရသိရသည်။

ထိုစဉ်က ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO ဥက္ကဋ္ဌ ရာထူး၊ ဒုဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတော့ KIOရဲ့ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ရာထူးကို ပူးတွဲတာဝန်ယူရပြီး ဆရာကြီး ဆွမ်လွတ်ဂန်ကတော့ KIO ၏ ဒုဥက္ကဋ္ဌ (၂) ရာထူး ၊ ဗိုလ်ချုပ် ဂွန်မော်က KIC ၏ ဒုဥက္ကဋ္ဌ ( ၁ ) ရာထူးများရလာခဲ့သည်။

တောင်ပိုင်းတိုင်း စစ်မျက်နှာသစ်

KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တည်ထောင်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးပါတီအဖြစ် ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ KIA ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့သည်။

KIO ဦးဆောင်လမ်းညွန်မူအောက်တွင် စစ်ရေး၊နိုင် ငံရေး၊ အုပ်ချုပ်ရေး အစရှိသည်တို့ကို စီမံအုပ်ချုပ်ခန့်ခွဲရန် ကချင်လွတ်မြောက်ရေးကောင်စီ (Kachin Indepedence Council-KIC) ကို ဖွဲ့စည်းထားသည်။

KIC သည် လက်အောက်မှာ စစ်တပ်နှင့်ပြည်ထဲရေးအပါအဝင် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးရှိသည်။

၁၉၆၉ လမ်းစဥ်အရ KIO ဗဟိုကော်မတီ KIOCC သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်လာခဲ့သည်။ KIOCC မှာ ဗဟို ကော်မတီဝင် ၁၁ ဦး သို့မဟုတ် ၁၂ ဦးပါ ဝင်သည်။ ဗဟိုကော်မီတီဝင်တစ်ဦးစီသည် စစ်တပ်၊ ပြည် ထဲရေး၊ နိုင်ငံခြားရေး၊ စီးပွားရေးအစရှိသည့်ဝန်ကြီးဌာနများနှင့်နိုင်ငံတော်အဆင့် ဗဟိုလုပ်ငန်းဌာနကြီးတွေကို အသီးသီးတာဝန်ယူကြရသည်။

KIOCC ၏ ဦးဆောင်လမ်းညွန်မူကိုခံယူပြီး၊ ဝန်ကြီးဌာနနှင့် ဗဟိုလုပ်ငန်းဌာနအသီးသီးသည် KIC ၏အုပ်ချုပ်စီမံမူ အောက်မှာရှိကြသည်။

ယခုတစ်ခါ KIOဗဟိုကော်မတီ၏ ရာထူးအပြောင်း အလဲမှာ လူအများဝင်စိတ်ဝင်စားမှုနည်းသော်လည်း စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ စစ်ရေးအတွက် အရေးပါဆုံးရာထူးအပြောင်းအလဲနေရာတစ်ခု ပါဝင်လာခဲ့သည်ကို တွေ့ရသည်။

KIO အစိုးရ၏ ရှမ်း - sub-State ဖြစ်သော ရှမ်း ပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ နမ့်မတ လားရှိုး၊ သိန္နီ၊ကွတ်ခိုင်နှင့် ကွန်လုံဒေသများတွင် စစ်ရေးလှုပ်ရှားနေသော KIA တပ်ဖွဲ့များကို တိုက်ရိုက်အုပ်ချုပ်သည့် တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဌ နေရာအပြောင်းအလဲ ဖြစ်သည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ပွဲစစ်မျက်နှာများ ဆင်နွဲနေသော တောင်ပိုင်းတိုင်း ဗဟို တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးလဖိုင်ဇော်ရော်ကိုဥက္ကဌ ရာထူး ရုပ်သိမ်းခဲ့ပြီး၊ သူ့နေရာတွင် လက်ရှိတပ်မဟာ (၄) ၏ တပ်မမှူးဖြစ်တဲ့ ဖော်ဂျေလတောင်ကို ခန့်အပ်လိုက်သည်။ လက် ထောက်ဥက္ကဌ (၁) ရာထူးကနေ ဗဟိုကော်မတီ ဥက္ကဌကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်သည်။

တောင်ပိုင်းတိုင်းဒေသ၏ ဗဟို အုပ်ချုပ်ရေးပိုင်းဆိုင် ရာ အကြီးအကဲဖြစ်သော ဆလန်ကဘာ ဦးလရှီးဆိုင်းနော်ကိုလည်း တောင်ပိုင်းတိုင်းဒေသ ဗဟိုကော်မတီ၏ လက်ထောက် ဥက္ကဋ္ဌ (၂) ရာထူးကနေ တောင်ပိုင်းတိုင်းဒေသ ဗဟိုအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်စာမှာ ဖော်ပြပါရှိသည်။

တောင်ပိုင်းတိုင်းဒေသမှာ KIA တပ်မဟာ (၄)၊ (၆) နဲ့ (၁၀) တို့ရှိပြီး တပ်မဟာတစ်ခုအောက်တွင် အနည်းဆုံး တပ်ရင်း သုံးရင်းရှိသည်။

စစ်မျက်နှာသစ်ကို ဦးဆောင်ရမည့် ခေါင်းဆောင်သစ်များက ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်စဉ်မှစ၍ စစ်ဦးချုပ်ဂမ်ရှောင်နှင့်အတူ စစ်ရေးနည်းဗျုဟာများ၊ စစ်သင်တန်းကိစ္စရပ်များအပြင် စစ်ပွဲများစွာကိုရင်ဆိုင်တိုက်ခိုက်ဖူးသော အတွေ့အကြုံများသူများဖြစ်ကြသည်။

KIO ယာယီဥက္ကဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်

သူသည်KIO ၏ဒုတိယမျိုးဆက်ဝင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။။ ဇာတိကတော့ ကချင်လူထုသမိုင်းမှာ အစဥ်အလာကြီးမားခဲ့သော ကချင်ပညာတတ်များစွာပေါ် ထွက်ခဲ့ရာ ဇင်လွမ်(စိန်လုံ)တောင်တန်းဒေသကဖြစ် သည်။

ပညာရေးကို ကောင်းမွန်စွာ သင်ကြားတတ်မြောက်ခဲ့ရသူဖြစ်ပြီး၊ ၁၉၇၀ - ၇၄ ခုနှစ် ပညာသင်နှစ်များမှာ ရန်ကုန်မြို့ စီးပွားရေးတက္ကသိုလ်အထိ တက်ရောက်သင်ကြားခဲ့သူ ဖြစ် သည်။

တက္ကသိုလ်မှာတက်စဥ်က အနေအထိုင်ကျစ်လစ်သည့်အတွက် သာမန်စာကြိုးစားသောကျောင်းသားအဖြစ်ကလွဲ၍ သူ့အကြာင်းကိုသိရှိသူ အလွန်နည်းပါးခဲ့သည်ဟု သူ၏ကျောင်းနေဘက်များက မှတ်ချက်ပြုသည်။

တက္ကသိုလ်ကျောင်းပြီးသွားသည်နှင့် KIA ထဲကို တပ် သားသစ်အဖြစ်နဲ့ ဝင်ရောက်ခဲ့သူလည်း ဖြစ်သည်။ ထိုအချိန်က KIA တွင် မူဝါဒအားဖြင့် ကချင်မိသားစုတစ်စုလျှင် အရွယ်ရောက်သူတစ်ယောက် စစ်မှုမထမ်းမနေရအမိန့်ရှိသည်။

တပ်သားဘဝနှင့် တိုက်ပွဲများအလီလီဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး ၁၉၉၀ ခုနှစ် အရောက်မှာတော့ ဖါးကန့်ကျောက်စိမ်းမှော်ကို ထိန်းချုပ်ထားတဲ့ ကေအိုင်အေတပ်မဟာ(၂) လက် အောက် ခံ တပ်ရင်း(၆) ရင်းမှူးဖြစ်လာခဲ့သည်။

ဖားကန့် - စပေါ့အရေးအခင်းလို့ လူသိများခဲ့သော ဖြစ်ရပ်၏ ပဲ့ကိုင်ရှင်မှာ ထိုအချိန်က ရင်း(၆)တပ်ရင်းမှူးဖြစ်သော ကိုလူအေးဟု ရည်ညွှန်းခံရသော ဗိုလ်မှူးဂွန်ထန်ဂမ်ရှောင် ဖြစ်ကြောင်း တပ်ရင်း (၆) ၏ အကြီးတန်းတပ်ဖွဲ့ဝင်ဟောင်းများက မဇ္ဈိမသို့ပြောသည်။ ။

စပေါ့ဆိုသည်မှာ ဖားကန့်မြို့နယ်ထဲက ကျေးရွာတစ်ခုဖြစ်ပြီး ထိုစဉ်က အဓိက မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ဆောင်ရာနေရာအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားသည်။

"မူးယစ်ဆေးဝါးဆိုရင် အလွန်မုန်းတဲ့ ဗိုလ်မှူးက ဘိန်း ဖြူနဲ့မူးယစ်ဆေးဝါးတွေ ပြည့်နှက်လာတဲ့ ဖါးကန့်မှာ မူးယစ်ဆေးဝါးကင်းစင်အောင် အစိမ်းဖြတ်ဖြတ်ပေးခဲ့သူပေါ့။ ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးနဲ့ မပြတ်ခဲ့တဲ့ဖါးကန့်ရတနာမြေဟာ သူ့ကြောင့် အခိုက်အတန့် မူး ယစ်ဆေးဝါး ကင်းစင်ခဲ့ရဖူးပါတယ်။ ဒါကြောင့်လည်း အဲ့ကတည်းနေ သူနာမည်က တခြားတပ်ရင်းတွေထိ နာမည်ရောက်ခဲ့တာပေါ" ဟု တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။

သို့သော် စပေါ့အရေးအခင်းမှာ လုပ်နည်းလုပ်ဟန် လွဲ ချော်ခဲ့တဲ့အတွက် နာမည်ကောင်းမရဘဲ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် နာမည်ဆိုးတွင်သွားခဲ့ရသည်။ မူးယစ်ဆေးသုံးစွဲသူ၊ မူးယစ်ဆေးရောင်းဝယ်သူများကို သတ်ဖြတ်ခဲ့မှုဖြစ်ရာ လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြစ်တင်ခံခဲ့ရသည်။

ထိုအချိန်က ကချင်လူမျိုးနှင့် ကချင်ပြည်နယ်သားများအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကို ဖါးကန့်ဒေသကစံပြအဖြစ် ဖြေရှင်းဖို့ အရေးပေါ်လိုအပ်နေချိန်ဖြစ်၍ အနုနည်းဖြင့် ကြိုးစားကြည့်၍ မဖြစ်နိုင်တော့သည့်အတွက် အကြမ်းနည်းဖြင့် ဖြေရှင်းခဲ့ရခြင်းဖြစ်သည်ဟု ထောက်ခံအချို့ကတော့ ပြောသည်။

၁၉၉၄ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် KIO အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုကာ ငြိမ်းချမ်းရေး ( ၁၇ နှစ်ငြိမ်ချမ်းရေးကာလ)ယူလိုက်ချိန်မှာ ဗိုလ်မှူး ဂမ်ရှောင်က ဗိုလ်မှူးကြီးရာထူးတာဝန်ဖြင့် လက်ရှိ မြစ်ကြီးနားမြို့ မနော(မနောင်)ကွင်းအရှေ့က ကေအိုင်အိုဆက်ဆံရေးရုံးသို့ တာဝန်ခံအရာရှိဖြစ် ရုံးထိုင်ခဲ့သည်။

ဗိုလ်မှူးကြီးဂွန်ထန်ဂမ်ရှောင်က ဘာသာတရား ကိုင်း ရှိုင်းသူလည်း ဖြစ်ကာ မြစ်ကြီးနားမြို့ရှိ မြို့( ဂိုက်စ်) ကချင်နှစ်ခြင်းအသင်းတော်မှာ တနင်္ဂနွေနေ့တိုင်း ဘုရားဝတ်ပြုတတ်သူဖြစ်သည်။ ထိုအချိန်က ဘုရားကျောင်၏ တာဝန်ခံသင်းအုပ်ဆရာကြီးသည် ဗိုလ်မှူးကြီး၏ အစ်ကိုရင်းတော်စပ်သူ သိက္ခာတော်ရဆရာတော်ကြီး ဂွန်ထန်လမြဲန် ဖြစ်သည်။

(ဆရာတော်ကြီး ဂွန်ထန်လမြဲန် ကွယ်လွန်သွားသည့် အတွက် မြို့ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၏ တာဝန်ခံသင်းအုပ်ဆရာကြီးအဖြစ် လက်ရှိစစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲခံထားရသော သင်းအုပ်ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က တာဝန်ယူခဲ့သည်။)

၂၀၁၁ ခုနှစ် KIO နှင့် မြန်မ စစ်တပ်တို့အကြားက ငြိမ်း ချမ်းရေးကျိုးပျက်သွားပြီး တကျော့ပြန်ကချင်ပြည် တွင်းစစ်ပွဲကြီး ပြန်လည်ဖြစ်ပွားလာချိန်မှာတော့ ဗိုလ် မှူးကြီး ဂမ်ရှောင်က KIA စစ်ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ရာထူးဖြင့် တာဝန်ယူကာ စစ်ပွဲများကို ကွပ်ကဲခဲ့သည်။

လူဦးရေနှင့်စစ်အင်အားကွာလှသော စစ်တပ်ကိုယှဉ်ပြိုင်တိုက်ရသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ တာဝန်အလွန်ကြီးမားသော စစ်ဦးစီးချုပ်ရာထူးနဲ့တာဝန်ကို အ ကောင်းဆုံးထမ်းဆောင်နိုင်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်တွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူ့ကို ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးသို့တိုးမြှင့်ပေးပြီး KIA စစ်ဦးစီးချုပ်အပြင် KIO ဒုတိယဥက္ကဌအဖြစ်ပါ တာဝန်ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်သည် ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် ဗဟိုထုတ်ပြန်ချက်အရ ယာယီ KIO ဥက္ကဌကြီးအဖြစ် တာဝန်လွဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။ ယာယီဆိုသော်လည်း မကြာမီအချိန်အတောအတွင်းမှာပဲ KIO ၏ ခုနစ်ယောက်မြောက် ဥက္ကဌကြီးအဖြစ်သို့ ရောက်ရှိလာဖွယ်ရှိကြောင်း ကချင်နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားသည်။

KIA စစ်ဦးစီးချုပ်သစ်

၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်းကာလအတွင်းရန်ကုန်တက္ကသိုလ်ကျောင်းသား ဘေ့စ်ဂစ်တာသမားလေး R ခေါင်လွမ်းတစ်ယောက် သူခင်တွယ်မြတ် နိုးရသည့် တေးသံသွင်းစတူဒီယိုခန်းတွေ၊ စတိတ်ရှိုးစင်မြင့်ထက်နှင့် ဂီတအနုပညာမောင်နှမတွေအပြင် မိဘနှစ်ပါးနှင့် မိသားစုကိုပါ ကျောခိုင်းစွန့်ခွာပြီးတော့ ကြမ်းတမ်းလှသော တောခိုကျောင်းသားဘဝကို ရွေး ချယ်ခဲ့သည်။

ကချင်ဖြစ်သော်လည်း ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် KIA သို့ ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ တက္ကသိုလ်ကျောင်းသားပီပီ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းကျောင်းသားတပ်မတော်သည် KIA ၏ ထီးရိပ်အောက်မှာ ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ သူ့၏ကျောင်းသားဘဝက အသိ မိတ်ဆွေများစွာသည် KIA တပ်ဖွဲ့ထဲ ရောက်နှင့်နေကြပြီးဖြစ်သည်။

မန္တလေးတက္ကသိုလ်ကျောင်းထွက် သူ့၏စီနီယာတဦးဖြစ်သည့် ဆွမ်လွတ်ဂွန်မော်မှ သူ့ကို ကျောင်းသားတပ်မ တော်ထဲမှ ပြန်လည်ခေါ်ယူခဲ့ပြီး၊ ထိုအချိန်က နာမည် ကြီးလှသော ဗျူဟာမှူး ဗိုလ်မှူးလခန်ပန်းအောင်လက် အောက်ရှိ တပ်ဖွဲ့အတွင်းသို့ ထည့်သွင်းပေးလိုက်ကြောင်း KIAသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထိုစဥ်ကတည်းနေ R ခေါင်လွမ်းဟာ ဗျူဟာမှူးလခန်ပန်းအောင်၏အထူးကွန်မန်ဒိုစစ်သင်တန်းများ တက်ရောက်သင်ယူပြီးသည့်နောက် ကြံ့ခိုင်သန်စွမ်းသော တော်လှန်ရေးစစ်သားတစ်ယောက် ဖြစ်လာခဲ့သည်။

ဂီတပိုးပါလာသည့် R ခေါင်လွမ်းတစ်ယောက် တောတွင်းဂီတဖျော်ဖြေပွဲများတွင် လက်စွမ်းပြသလို တိုက်ပွဲများတွင်လည်း သူရသတ္တိနှင့်စွမ်းရည်များသက်သေပြခဲ့ကြောင်း ရဲဘော်ရဲဘက်များကပြောသည်။

ဗိုလ်မှူးကြီးပန်းအောင် ကွယ်လွန်သွားပြီးသည့်နောက်ပိုင်း စစ် ဗိုလ်လေး R ခေါင်လွမ်းဟာ ဗိုလ်မှူးကြီးအင်ဘန်လ၏ အားကိုးရသောသူဖြစ်လာခဲ့သည်။

၂၀၀၆ ခုနှစ်အရောက်မှာ ဒုတိယ ဗိုလ်မှူးကြီးတာဝန်နဲ့ R ခေါင်လွမ်းက ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ KIA တပ်မဟာ( ၁ )ရဲ့ တပ်မဟာမှူးဖြစ်လာခဲ့တော့သည်။

ထို့နောက် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်များတိုးလာခဲ့ပြီး လက်ရှိတွင် KIA တပ်တော်၏ စစ်ဦးစီးချုပ်သစ် ဖြစ်လာသည်။

ဒုတိယစစ်ဦးစီးချုပ်မဖြစ်မီအချိန်ထိ တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့ (UNFC) လက်အောက်ရှိ ဖယ်ဒရယ်တပ်မတော် FUA တပ်မှာ စစ်ဦးစီးတာဝန်ခံအဖြစ်နှင့် အချိန်အတော်ကြာအောင် တာဝန်ယူခဲ့ပါသေးသည်။

KIA တပ်ဖွဲ့ဝင်များနှင့် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူများအပါအဝင် ကချင်လူထုက ဟိုယခင်ကတည်းက ချစ်စနိုးလေးနဲ့ "ဂွတို" ဆိုပြီးအခေါ်ခံခဲ့ရသော ဗိုလ်ချုပ် R ခေါင်လွမ်းဟာ ယခုချိန်အထိလည်း "ဗိုလ်ချုပ်ဂွတို" ဆိုပြီးတော့ နာမည်ကြီးနေဆဲဖြစ်သည်။

အနေအထိုင်ရိုးရှင်းပြီး ဟေဟောဒိုင်းဒိုင်း၊ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သော ဗိုလ်ချုပ် R ခေါင်လွမ်းသည် လက်ရှိအချိန်မှာ KIA \ အရေးပါသော စစ်မြေပြင်များတွင် ရှေ့တန်းစခန်းတွေအထိ ကိုယ်တိုင်သွားရောက်ပြီးတော့ ကွပ်ကဲမှုပေးနေတတ်သည်ကို မဇ္ဈိမကစုံစမ်း သိရှိရသည်။

အရာရှိငယ်ဘဝတုန်းက အရက်သောက်တတ်သူဖြစ်သော်လည်း အရာရှိကြီးဖြစ်လာသည့်နောက် အရက်ဖြတ်နိုင်ခဲ့သည်က ကချင်လူထုအတွင်း လေးစားသမှုနှင့်ပြောတတ်ကြသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ပြည်သူများက နှစ်နှစ်ခန့် နေထိုင်ခဲ့ရပြီးအပြီး၊ ပြည်သူတစ်ရပ်လုံး၏ ဘုံရန်သူမှာ စစ်ကောင်စီတပ်ဖြစ်သည့်အတွက် အမြစ်ဖြတ်တိုက်ခိုက်ရန် ၂၀၂၃ နှစ်ဆန်း ၁ ရက်နေ့တွင် KIO ဗဟိုကော်မတီ ဥက္ကဌကြီး၏ မိန့်ခွန်းတွင်ထဲ့သွင်းပြောကြားသွားပြီးနောက်စစ်ရေးတာဝန်ပိုင်းကို ဦးစီးခဲ့သူများက ခေါင်းဆောင်ဖြစ်လာခဲ့သည်အတွက် ကချင်ပြည်နယ်နှင့်KIA လှုပ်ရှားနယ်မြေများတွင် စစ်ပွဲအတွက်ပိုမိုပြင်လာခဲ့ခြင်းဖြစ်သည်ဟု ကချင်နိုင်ငံ ရေး လေ့လာသူများ သုံးသပ်ကြသည်။

KIO/KIA ခေါင်းဆောင်သစ်နှင့် တရုတ် ဆက်ဆံရေး

မျက်မှောက်ကာလအခင်းကျင်းအရ တရုတ်သည် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေး ထွေပြားလာကာ အဆင်မချောသော ဆက်ဆံရေး ရှိနေပါသည်။ ထိုအချိန်တွင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွင် အားကောင်းသော KIA/KIO နှင့် တရုတ်၏ ဆက်ဆံရေးရေချိန်အနိမ့်အမြင့်သည့်အင်မတန်မှ အရေးပါလာသည်။

KIO - တရုတ်ဆက်ဆံရေးသည် မြန်မာ့နိုင်ငံရေးအချိုးအကွေ့အတွက် အရေးပါသော အကြောင်းတစ်ရပ်ဖြစ်လာခဲ့ပြီဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

"တရုတ်ကိုတော့ မချစ်သော်လည်း အောင့်ကာနမ်းရပါလိမ့်မယ်။တရုတ်က မြန်မာ့အရေးမှာ အရေးပါနေဆဲဖြစ်ပါတယ်။ဒါပေမဲ့ ကချင်တွေက လွန်လွန်ကျူးကျူး စော်ကားတာမျိုးကို ခေါင်းငုံ့မခံတတ်တဲ့အတွက် တ ရုတ်နဲ့ဆက်ဆံရေးမှာ အစဉ်ချောမွတ်ပြေပြစ်ခြင်းမရှိဘဲ အဖုအထစ်လေးတွေ ရှိနေရခြင်းဖြစ်ပါတယ်။" ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly