နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ Camp Victoria စခန်း ကို လေကြောင်းတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း NUG က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

· စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော်ထဲက ၈၀ ရာခိုင်နှုန်းကျော်မှာ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး နှင့် ရပ်ကျေး ပြည်သူ့ကာကွယ်ရေးများ ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

· ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်ဟု ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ကော်မတီ ဝင်များနှင့် တောင်ယာလုပ် ပြည်သူများ ပူး ပေါင်းကာ ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ပြည်သူ များ စုပေါင်း၍ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးအဖြစ် ယနေ့ချီတက် ဆန္ဒပြခဲ့ကြောင်း သိ ရ သည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းတွင် တန့်ဆည်ပင်မသပိတ်စစ် ကြောင်းက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအား ဆန့်ကျင် ရေး လူထုလှုံ့ဆော်မှုသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၄ နာရီကျော်ခန့်က နံနက်စာ ထွက်ဝယ် သည့် စစ်သား ၄ ဦး လိုက်ပါလာသော ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးကြောင်း Zero ပျောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူ ကိုသက်ကြီးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်စုပ်စက်လှေ တစ်စီးကို ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းကနေ ရွှေဘိုကို ထွက်လာသော အကြမ်းဖက် စစ်တပ်ကား တစ်စီးကို ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မိုင်းကွင်း အဆင့်ဆင့် ဆွဲလိုက်ရာ အကြမ်းဖက်စစ်တပ်ကား လမ်းဘေး တိုက် ထိုးဆင်းသွားပြီး အကြမ်းဖက် စစ် တပ် ဘက်တော်သား ၄ ဦး ပွဲချင်းပြီးသေပြီး အယောက် ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ကာ ထိုးစစ်ဆင်ဝင်ရောက်လာ၍ မြစ်ဘေးကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများကို ဇန်နဝါရီ ၁၀ ရက် နှင့် ၁၁ ရက်နေ့များတွင် PDF တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ရှေ့တန်းနယ်မြေက ကထိက ဒေါ်ရတီအုန်း (အစိုးရနည်းပညာအထက်တန်းကျောင်း - ကလေးမြို့) က တော်လှန်ရေးအတွက် အဓိကလိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် ၎င်းပိုင်ဆိုင်သည့် မဟူရာကို ကျောက်ဖြူရံထားသည့် လက်စွပ် နှင့် iPhone 13 Pro တို့ကို ကံစမ်းမဲဖောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

· စစ်ကိုင်းနှင့်မကွေးနယ်စပ်နေရာများကိုစစ်ကောင်စီတပ်က လေယာဥ်ဖြင့် နာရီပေါင်းများစွာ ကင်းထောက်သွားခြင်းမှာမြေပုံညွှန်းယူ ပစ်မှတ်တင်ခြင်းဖြစ်နိုင်၍ ဒေသခံပြည်သူများ သတိပြုနေ ထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

· ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဝေဇယန္တာ အနောက် ၁၂ လမ်းတွင် ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းက လက်လုပ်ဗုံးများတွေ့ရှိရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ဖောက်ခွဲလိုက်ကြောင်း ဒေသခံ ပြည်သူ များက ပြောသည်။

· ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး (က+ခ) ရပ်ကွက်၊ ၁၆၂ လမ်းတွင် ဇန်နဝါရီ ၁၁ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံနေသူများကို ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force –FLA အဖွဲ့က ပြောသည်။

· တော်လှန်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးလုပ်ငန်းစဥ်များ ပေါက်မြောက်ဖြစ်ထွန်းအောင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အနီးကပ် တိုက်တွန်းသွားမည်ဟု မြေပြင်သပိတ်အင်အားစုများ၏ ပြောဆို ချက်ကို ကိုးကားပြီး လူထုနွေဦးသတင်းဌာနတွင် ဖော်ပြထားသည်။

· မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၅ လမ်း x ၁၁၆ လမ်းကြားရှိ အဆင့်မြင့်ရဲစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၊ ညပိုင်းက ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးကြောင်း ACID Army PDF –MDY မှ တဝန်ရှိသူတစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ် လ၀ကရုံးကို ဇန်နဝါရီ ၁၂ ရက်၊ နံနက်အစောပိုင်းက PDF ဝင်ရောက်စီး နင်းစဉ် လ၀က ဝန်ထမ်း ၄ ဦးကို ဖမ်းမိသော်လည်း CDM ဝင်ရန် ပြောဆိုပြီး လွှတ်ပေးလိုက်ကာ မြို့နယ်လ၀ကရုံး တစ်ခုလုံး မီးရှို့ပြာချလိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· ချင်းပြည်နယ် နှင့် အိန္ဒိယနယ်စပ်ရှိ ချင်းအမျိုးသားတော်လှန် ရေးတပ်ဦး (CAN/CNF) ဌာနချုပ်စခန်းကို အကြမ်းဖက်စစ် တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော CNA ရဲဘော် ၅ ဦးအတွက် ယောဒေသတွင် ဇန်နဝါရီ ၁၁ ရက်၊ ညပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း The Youth Force- Saw & Kyaukhtu ထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ပျူစောထီးခေါင်းဆောင် စိုးသိန်းကို ဇန်နဝါရီ ၁၁ ရက်၊ ညနေပိုင်းက ဘော်ခုံကျေးရွာ၌ ရှိနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းကာ ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

· မွန်ပြည်နယ်၊ ရေးခရိုင် ဒုစရိုက်နှိမ်နှင်းရေးခေါင်း ဆောင် ဒုရဲမှူး လှိုင်မင်းသန့်အား ဇန်နဝါရီ ၁၁ ရက်၊ ညပိုင်းက ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFက ယနေ့ အသိပေးထုတ်ပြန်သည်။

· မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းရှိ အကြမ်းဖက် စစ်အုပ်စုပိုင် MYTEL တာဝါတိုင်ကို ဇန်နဝါရီ ၁၀ ရက်၊ ည ၁၁ နာရီကျော်ခန့်က ရေးဘီးလူးအဖွဲ့က မီးရှို့ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

· မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၁ ရက်၊ နံနက်အစောပိုင်း ၁ နာရီခန့်က PDF တပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မြန်မာ့အကျပ်အတည်းကို အာဆီယံအတွက် ဓားစာခံအဖြစ် လက်ခံမည်မဟုတ်ဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံ အဖြေရှာမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi က ပြောဆိုလိုက်သည်။

· မြန်မာခရိုနီ စစ်လက်နက်ပွဲစား ထွန်းမင်းလတ် နှင့် ၎င်း၏ ကွန်ရက်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့် ချိမှုဖြင့် စီးနင်းဖမ်းဆီးရာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် နှင့် သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သည့် တန်ဖိုးကြီး ကွန်ဒိုခန်း တစ်ခန်း၏ ပိုင်ဆိုင်မှု အထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို ထိုင်းရဲများက တွေ့ရှိခဲ့သည်ဟု Justice for Myanmar က သတင်းထုတ်ပြန် ချက်အရ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· အာဏာသိမ်းစစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် အားထုတ်နေ၍ စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်စေမည့် မည်သည့်ထောက် ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု နယ်မြေများ၌ ထိရောက်စွာဟန့်တားကြရန်လိုအပ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSlF/TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ ပြောဆိုလိုက်သည်။

· မင်းအောင်လှိုင် အပါအဝင် စစ်အာဏာရှင်များကို ဒီမိုကရေစီ အင်အားစု ၊ တော်လှန်ရေးအင်အားစု များဖြင့် လက်တွဲတိုက်ပွဲမည်ဟု တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ယနေ့ ကျရောက်သည့် တအာင်းအမျိုးသားများ၏ နှစ် ၆၀ ပြည့် အမျိုးသားတော်လှန်ရေးနေ့တွင် ထုတ်ပြန် ကြေညာသည်။

· ကိုးကန့်၊ တအာင်းနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ တူညီသော စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို မရမချင်း ဟန်ချက်ညီ လက်တွဲကာ စုဖွဲ့တော်လှန်တိုက်ပွဲဝင်နေကြမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့က ယနေ့ ကျရောက်သည့် နှစ်(၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

· ချင်းပြည်နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၅ နာရီခန့်လောက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲချရာ ပြင်ပလူနာဆောင် နှင့် လူနေအိမ်များ ထိခိုက်ပျက်စီးကြောင်း Chinland Information Centerက သတင်းထုတ်ပြန်သည်။

· ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နှင့် အထက်ချင်းတွင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ် / ချင်းအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

· စစ်ရေးအခြေအနေကြောင့် ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြို့ရှိ နန်းဖဲ - ဘောလခဲနှင့် ထူးချောင်းလမ်းကို ဝင်ထွက်သွားလာခွင့်ပိတ်ပင် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ် (KNDF) တပ်ရင်း - ၁၆က ယနေ့ ထုတ်ပြန်အသိပေးသည်။

စစ်ကောင်စီ

· မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာမိုဟာမက် မွန်(န)ဝါ ဟူစိန်ကို ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သည်ဟု စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

· နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံများ ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် ဗဟို ဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရမည်ဖြစ်သည်ဟု စစ်ကောင်စီ အလုပ်သမား ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည့် အလုပ် သမားဝန်ကြီးဌာန CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ CMP လုပ်ငန်းများ ငွေကြေးဆိုင်ရာ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောသည်။

· အခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကိုးလတာအတွင်း ပြည်ပနိုင်ငံများကို သစ်တောထွက်ပစ္စည်း အမေရိကန် ဒေါ်လာ ၁၁၈ သန်းကျော်ဖိုး တင်ပို့ထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

· ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပိုမှုကနေ အမေရိကန်ဒေါ်လာ ၅၄၈ ဒသမ ၇၃ သန်းရရှိထားသည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

· ကိုဗစ်ရောဂါအခြေအနေကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၁)အား ယနေ့ ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းက နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူ များက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

· ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ငါးဖမ်းဝါးလတ်လှေတစ်စီးသည် ဇန်နဝါရီ ၁၀ ရက်၊ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ရေတပ်က သွားရောက် ကယ်ဆယ် ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက် သုံးသပ်ချက်

· စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချမည့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ဟန့် တားကြရန် အင်အားကြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ နှင့် မြေပြင်သပိတ်အဖွဲ့များ တိုက်တွန်းနေကြောင်း တွေ့ရသည်။

· စစ်ကောင်စီကို နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုများ ဆက်လက်အားကောင်းနေပြီး ယခုထက်ပိုပြီး တော်လှန်ရေး နှင့် နိုင်ငံရေးလုပ်ငန်းများအောင်မြင်ရန် တိုက်တွန်းသွားမည်ဟုဆိုထားသည့်အတွက် တော်လှန်ရေးအရှိန်မြင့်လာဖွယ်ရှိနေသည်။

· မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ထိုင်းတွင်အဖမ်းခံထားရသည့် စစ်ကောင်စီလက်နက်ပွဲစား ထွန်းမင်းလတ်ထံတွင် အာဏာလုမင်းအောင်လှိုင် မိသားစု၏ ပိုင်ဆိုင်မှုများကို လက်ပူးလက်ကျပ်ဖမ်း မိသည့် သတင်းသည် ကမ္ဘာထိပ်တန်း သတင်းတစ်ဖြစ်နေသည်။ယင်းဖမ်ဆီးသိမ်းခံရမှုသည် မင်းအောင်လှိုင်၏ အကျင့်ပျက်ချစားမှု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်နေပြီး နောက်ထပ် အာဏာကို ခုတုံးလုပ်ထားသည့် အကျင့်ပျက်ခြစားမှု မြောက်များစွာ ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly