နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· အကြမ်းဖက်စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကို ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး စစ်အာဏာရှင် ချေမှုန်းရေး အစွမ်းကုန် ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကြားကာလပညာရေးကျောင်းတစ်ခုမှာ ယင်းမာပင် ဆားလင်း ကြီး ရွာပေါင်းစုံသပိတ် ကော်မတီက ဦးဆောင်သည့် AVSC Medical Team နှင့် အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေးဟောပြောမှုနှင့် သံချဆေးတိုက်ကျွေးခြင်း များကို ပြုလုပ်ခဲ့ကြသည်။

· ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right ) အပါအဝင် အခြားသော စီမံကိန်းများကို NUG-MoPFI’s Early Partnership Program အဖြစ် စတင်တော့မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

· NUG အစိုးရသည် နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးစစ်ရေးတပ်ဦးကနေ ဦးဆောင်နေသည်ဟုဆိုသော်ငြား တော်လှန်ရေးအင်အားစု အသီးသီး ၊သပိတ်အင်အားစု အသီးသီး၏ ယုံကြည်မှုကို မရရင်ရှေ့ဆက်၍ မရကြောင်းယင်းကြောင့် NUG အစိုးရနှင့် သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကို အထူး အလေးထားကြောင်း သမ္မတဒူးဝါးလရှီးလကပြောသည်။

 

တော်လှန်ရေးလှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ သင်္ဘောဖြင့် အင်အားတိုးချဲ့လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၃ ရက် မှ ၉ ရက်အထိ တစ်ပတ် အတွင်း နေအိမ် ၃၇၀ လုံးကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၈၅ နှစ်အရွယ်

အဘိုးအို နှစ်ဦး ကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့မှ တာဝန်ခံကိုဖြိုးကြီး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ရေယာဥ် ၁ စီးကို ဇန်နဝါရီ ၁၀ ရက်၊ နံနက် ၇ နာရီခန့်က PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို PDF တပ်ဖွဲ့က အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့ထံမှ သိရသည်။

· ယင်းမာပင်မြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် ကျေးလက်သူပုန်လူငယ်များမှ စျေးသူစျေးသားများ ပူးပေါင်းမှုဖြင့် "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" စာသားဖြင့် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှုကို ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး ဆိတ်ဖူးတောင်ကြားတွင် ဇန်နဝါရီ ၁၁ ရက်၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲပြီး လမ်းလယ်တွင် အပေါက်ကြီးအဖြစ် ကျန်ရစ်ခဲ့ကြောင်း ခရီးသွား ပြည်သူများက ပြောသည်။

· ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ဟင်းချိုတောကျေးရွာရှိ အပြစ်မဲ့ပြည်သူပိုင်အိမ်များကို ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင် ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

· ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာစျေးတွင် တော်လှန်ရေးလူငယ်များမှ ဇန်နဝါရီ ၁၁ ရက် ၊နံနက်တွင် တပ်ပိုင်ပစ္စည်းများကို မိဘပြည်သူများ မသုံးစွဲခြင်းဖြင့် သပိတ်မှောက်ကြရန်ဟောပြော၍ စာရွက်များကိုဖြန့်ဝေကာ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

· တနင်္သာရီတိုင်းအတွင်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက အကြမ်းဖက်မှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ Southern Monitor က ပြုစုထားသော စာရင်းများအရ အရပ်သား သေဆုံးသူ ၃၃၅ ဦး ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၂၈ ဦး ရှိကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စစ်ရေးတင်းမာနေ သောကြောင့် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ ညအချိန်၌ ပြည်သူများခရီးသွားလာခြင်း မပြုလုပ်ကြရန် OAK AWE COLUMN Dawei ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်) မှ သတိပေးချက်ထုတ် ပြန်ထားသည်။

· အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်ရာတွင် အသုံးပြုရန် အကြွေးဖြင့် ဝယ်ယူ ထားသော ဒရုန်းနှစ်စီးအတွက် ကံစမ်းမဲလက်မှတ်များကို ကူညီဝယ်ယူပေးကြပါရန် မေတ္တာရပ်ခံ ပါကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

· ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ဘေးရှောင် နေသည့် ပြည်သူများ တစ်နှစ်နှင့် ရှစ်လကျော်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေး၊ ဆေးဝါးနှင့် နေရာထိုင်ခင်းအတွက် မိုးကာများအရေးပေါ်လိုအပ်နေကြောင်း သိရ သည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ

· မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေအင်တုံကုန်းတွင် ဇန်နဝါရီ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်ကားတန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီး ထိမှန်ပြီး စစ်တပ်ဘက်မှ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦးမှာ ဆေးရုံတင်ပို့ ကုသနေရကြောင်း PDF သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ

· အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းတွင်းကျောင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

· ဧရာဝတီတိုင်းအတွင်းတွင် ရွေးကောက်ပွဲပြန်လုပ်ရန်အတွက် ဆိုကာ လုံခြုံရေးတွေနဲ့ မြေပြင်ကွင်းဆင်း တစ်အိမ် တက်ဆင်း အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူ နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

· နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Financial Action Task Force-FATF) က အမည်ပျက်စာရင်း အသွင်းခံထားရသည့် စာရင်းကနေ လွတ်ရန် လုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

· ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ပျားပင်ကျေးရွာအနီးတွင် ဆာလာအိပ်များအတွင်းမှ လက်လုပ်မိုင်း ၄၉ လုံး သိမ်းဆည်းရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

· KNLA/PDF များနှင့် တိုက်ပွဲဝင်ခဲ့သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ စစ်ကောင်စီအကြမ်းဖက် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းဝါဒဖြန့်ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၁ ရက် သုံးသပ်ချက်

· အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံအနှံ့တွင် လေယာဉ်များအသုံးပြုပြီး စစ်ရေးပစ်မှတ်များသာမက အရပ်ဖက်ပစ်မှတ်များကိုလည်း ရမ်းသမ်းပစ်ခတ်နေသည်။စစ်ကောင်စီ၏ လက်ရှိစစ်ရေးအခြေအနေ

သည် လေယာဉ်မပါလျှင် မတိုက်တတ်တော့သည့် အနေအထားကိုရောက်နေသည်။လေယာဉ်များ လေပေါ်မတက်နိုင်သည့်နေ့သည် အကြမ်းဖက်စစ်ကောင်စီ ကျရှုံးမှုစတင်သည့်နေဟုဆိုရမည်ဖြစ်သည်။

· စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်၊ကရင်နီပြည်နယ်၊ရှမ်းတောင်ပိုင်းအစပ်ဒေသ၊ကရင်ပြည်နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ယခုထက်လည်း ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly