မြေယာသိမ်းပိုက်မှုနှင့် အခွန်များပြားခြင်းတို့ကြောင့် ကက်ရှ်မီးယားတွင် ဆန္ဒပြမှုများ ပြင်းထန်လာ

By ANI
11 January 2023
မြေယာသိမ်းပိုက်မှုနှင့် အခွန်များပြားခြင်းတို့ကြောင့် ကက်ရှ်မီးယားတွင် ဆန္ဒပြမှုများ ပြင်းထန်လာ

မြေယာသိမ်းပိုက်မှုနှင့် အခွန်ကောက်ခံမှု များပြားခြင်းကြောင့် ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယားရှိ ဂီဂစ်ဘောလ်တီစတန်ဒေသတွင် ပါကစ္စတန်စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။

ပါကစ္စတန်၏ အင်အားကြီးမားသော စစ်တပ်သည် ဂီဂစ်ဘောလ်တီစတန်ရှိ ဆင်းရဲနိမ့်ကျသော ဒေသများ၏ မြေယာနှင့်အရင်းအမြစ်များအပေါ် အတင်းအကျပ်တောင်းဆိုမှုများ ဆက်လုပ်ဆောင်နေသည်။

ပါကစ္စတန်သည် ဂီဂစ်ဘောလ်တီစတန်တွင် မြေသိမ်းရေးရည်ရွယ်ချက်အတွက် “ခါလ်ဆာ ဆာခါရ်” ဥပဒေများကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်လျက်ရှိသည်။ ဖက်ဒရယ်အစိုးရသည် ဂီဂစ်ဘောလ်တီစတန်ရှိ မြေလွတ်မြေရိုင်းများ သို့မဟုတ် စိုက်ပျိုးဖြစ်ထွန်းမှု မရှိသောမြေများကို ဒေသနေပြည်သူများ စုပေါင်းပိုင်ဆိုင်သည့်တိုင် ထိုမြေများကို တောင်းဆိုနိုင်ကြောင်း အဆိုပါဥပဒေတွင် ပြဋ္ဌာန်းထားည်ဟု Voice of Vienna က ဖော်ပြထားသည်။

 

ဂီဂစ်ဘောလ်တီစတန်၏ နေရာအသီးသီးတွင် ဒီဇင်ဘာ ၂၉ ရက်က ခါလ်ဆာ ဆာခါရ်ကိုလိုနီနယ်ချဲ့ဥပဒေ၊ အခွန်ပြဋ္ဌာန်းခြင်း၊ ဂျုံနှင့် လျှပ်စစ်ဓာတ်အားအကျပ်အတည်းတို့ကို ဆန့်ကျင်ကန့်ကွက်သော  ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း The Pamir Times က Twitter တွင် ဒီဇင်ဘာ ၃၀ ရက်က ရေးသားထားသည်။

 

ဂီဂစ်ဘောလ်တီစတန်နေရာအနှံ့အပြားတွင် ဒီဇင်ဘာ ၂၈ ရက်က ဒေသခံကုန်သည်များနှင့် နိုင်ငံရေးနှင့်လူမှုရေးအဖွဲ့အစည်း အသီးသီးမှအဖွဲ့ဝင်များသည် စျေးများပိတ်၍ ကားအသွားအလာများ ရပ်နားကာ သပိတ်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြပွဲအများစုကို စကာရ်ဒု ၊ ဂီဂစ်၊ ဟွန်ဇာ နှင့် ဂီဟ်ဇာတို့တွင် ပြုလုပ်ခဲ့ပြီး ရာသီဥတု အေးခဲနေသော်လည်း လူအများအပြား ပါဝင်ခဲ့သည်။  အစိုးရပါဝင်သည့် မြေယာသိမ်းပိုက်မှုပြဿနာကို သတိထားမိကြစေရန် ဂေးဂစ်ဘောလ်တီစတန်တွင် ဆန္ဒပြမှုများ ပုံမှန်လုပ်ဆောင်ခဲ့ကြသည်။

ခါလ်ဆာ ဆာခါရ်စနစ်သည် ရိုးရာအစဉ်အလာအသိပညာ၊ အရင်းအမြစ်များ ၊ နယ်မြေပိုင်ဆိုင်မှုများ၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာတန်ဖိုးများနှင့် ဓလေ့ထုံးတမ်းဥပဒေများ အပါအဝင် ဌာနေတိုင်းရင်းသားလူမျိုးများ၏ ဇီဝမျိုးနွယ်ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်သည့် မျိုးနွယ်စုဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို ချိုးဖောက်ထားကြောင်း ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၂ ခုနှစ်ထုတ် အချက်အလက်ရှာဖွေရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂီဂစ်ဘောလ်တီစတန်ဥပဒေပြုလွှတ်တော် (GBLA) မှ ဒေသခံအတိုက်အခံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ခါလ်ဆာ ဆာခါရ် ဥပဒေများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ဥပဒေပြုအမတ်များအကြား သဘောထားကွဲလွဲမှုများရှိသောကြောင့် အမတ်များက အဆိုပြုမှုရော ဆုံးဖြတ်ချက်ကိုပါ သဘောတူညီမှုမရှိခဲ့ကြောင်း  Voice of Vienna က ဖော်ပြသည်။

ဂီဂစ်ဘောလ်တီစတန်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက ဆန္ဒပြပွဲများ အများအပြား ဖြစ်ပွားခဲ့သော်လည်း စစ်တပ်က အရပ်ဘက်ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဥပဒေ ပြင်ဆင်မှုများကို ခွင့်မပြုပေ။ အဆိုပါဥပဒေသည် ပါကစ္စတန်ရှိ အဓိကနိုင်ငံရေးပါတီအမျိုးမျိုးနှင့် ဆက်နွှယ်နေသည့် မြေယာသိမ်းအုပ်စုနှင့် သြဇာကြီးသော ဒေသခံစီးပွားရေးသမားများကို အကျိုးဖြစ်စေသည်။  ထို့အပြင် လူစိမ်းများတရားမဝင် ဝင်ရောက်လာမှုသည် တစ်ချိန်က ရှီအိုက်/အစ္စမေးလီအများစုနေရာဒေသဖြစ်ခဲ့သည့် ဂီဂစ်ဘောလ်တီစတန်တွင် ဒေသတွင်းလူဦးရေစာရင်းကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။

ဖွံ့ဖြိုးရေးအစီအစဥ်၊  အမျိုးသားဥယျာဉ်များ ထိန်းသိမ်းခြင်းနှင့် ပြည်သူ့အကျိုးစီးပွားအတွက်ဟူသော ဟန်ပြအကြောင်း ပြချက်များဖြင့် အစိုးရအဖွဲ့အစည်းများနှင့် ပြင်ပစီးပွားရေးလုပ်ငန်းများက မြေယာနှင့် သဘာဝအရင်းအမြစ်များကို အတင်း အကျပ်သိမ်းယူမှုသည် ဂီဂစ်ဘောလ်တီစတန်ဒေသခံလူထုအကြားတွင် မကျေမနပ်မှုများ ဆိုးဆိုးရွားရွား ဖြစ်စေခဲ့ကြောင်း Voice of Vienna က ဖော်ပြသည်။

ပြင်ပလူများ ဝင်ရောက်လာမှုနှင့် အခြေချနေထိုင်မှုကို ထိန်းသိမ်းကြပ်မတ်မှုမရှိခြင်းကြောင့် ဒေသခံများသည် ၎င်းတို့ပိုင်မြေတွင် မကြာမီ လူနည်းစုဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ဂီဂစ်ဘောလ်တီစတန်သည် တရုတ်ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အတွက် တံခါးပေါက်တစ်ခုဖြစ်သော်လည်း ဒေသခံလူထုသည် လမ်းများနှင့် ရေကာတာများတည်ဆောက်ခြင်းကဲ့သို့သော ဒေသဆိုင်ရာစီမံကိန်းများအတွက် ဖယ်ဒရယ်အစိုးရ၏ ဆုံးဖြတ်ချက်ချသည့်အဖွဲ့များတွင် ပါဝင်ခြင်းမရှိပေ။

ဂီဂစ်ဘောလ်တီစတန်သည် ယခင်က ပြည်နယ်တစ်ခုဖြစ်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ပြည်နယ်အဖြစ် အပြည့်အဝ မသတ်မှတ်နိုင်သေးသောကြောင့် ပါလီမန်အမတ်နေရာ မရရှိဘဲ နိုင်ငံရေးအရ အာဏာမရှိဟုခံစားနေရကြောင်း Voice of Vienna က ဖော်ပြသည်။

ထို့အပြင် ဂီဂစ်ဘောလ်တီစတန်သည် နေ့စဉ် ၁၈ နာရီ မှ၂၂  နာရီကြာ လျှပ်စစ်ဝန်အားလျှော့ချကာ မကြုံစဖူး လျှပ်စစ်မီး ဖြတ်တောက်မှုကို ရင်ဆိုင်နေရသည်။ ထိုဒေသသည် ရေအရင်းအမြစ် ပေါများသောဒေသဖြစ်သော်လည်း ပါကစ္စတန်အစိုးရသည် ဒေသခံများ မီးရရှိရေးအတွက် ရေကာတာနှင့် ဆည်များတည်ဆောက်ရန် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။

ဂီဂစ်ဘောလ်တီစတန်တွင် နောက်ထပ်ပြဿနာမှာ ဂျုံပြတ်လပ်မှုကြီးဖြစ်သည်။ ဖက်ဒရယ်အစိုးရက ဂျုံပေးပို့မှု လျှော့ချလိုက်သောကြောင့် ဒေသတွင်းစျေးကွက်များတွင် ဂျုံသည် ရှားပါးပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဟုဆိုကြသည်။

ဂီဂစ်ဘောလ်တီစတန်မှကုန်သည်များသည် ပစ္စည်း ၁၃၅ မျိုးအပေါ် အခွန်အသစ်များ ချမှတ်ခဲ့သော  ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်  အတည်ပြုခဲ့သည့် ၂၀၂၂ ဂီဂစ်ဘောလ်တီစတန်အခွန်လုပ်ပိုင်ခွင့်ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်သည်။ အထက်ဖော်ပြပါအချက်များအားလုံးကြောင့် ဂီဂစ်ဘောလ်တီစတန်၏ နိုင်ငံရေးနှင့်စီးပွားရေးကင်းကွာနေမှုကို ပိုဆိုးလာစေကြောင်း Voice of Vienna သတင်းဌာနက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly