စစ်ကောင်စီထောက်တိုင် ကုမ္ပဏီများကိုတိုက်ခိုက်သွားမည်ဟု သပိတ်ကျင်းပြောက်ကျားတပ်ဖွဲ့ သတိ ပေး

By 007 (မဇ္စျိမ)
10 January 2023
စစ်ကောင်စီထောက်တိုင် ကုမ္ပဏီများကိုတိုက်ခိုက်သွားမည်ဟု သပိတ်ကျင်းပြောက်ကျားတပ်ဖွဲ့ သတိ ပေး

ဇန်နဝါရီလ ၁၀ ရက်

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဦးမန်းစိန်ကုမ္ပဏီနှင့် Myanmar Golden Point Family ကုမ္ပဏီအပါအ၀င် စစ်ကောင်စီထောက်တိုင်ကုမ္ပဏီများအား တိုက် ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းကုမ္ပဏီများနှင့် ဝေးဝေးနေကြရန် ပြင်ဦးလွင်ခရိုင်ပကဖမှ သတိပေး သတင်းထုတ်ပြန်ထားသည်။

“အရပ်သားပြည်သူတွေအနေနဲ့ အဲဒီကုမ္ပဏီတွေနဲ့နီးနီးကပ်ကပ်မနေကြဖို့ ကျွန်တော်တို့က ကြေညာချက် ထုတ်တာပါ။ အဲဒီကုမ္ပဏီတွေထဲမှာရှိသူတွေက ပျူတွေ၊ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေနဲ့ ရခ(ရဲတပ်ဖွဲ့ ဝင်)တွေများတယ်။ အုပ်ချုပ်မှုအပိုင်းမှာရှိတဲ့သူတွေကလည်း ဗိုလ်မှူးထွက်တွေ၊ ရဲအရာရှိထွက်တွေနဲ့ ဖွဲ့ စည်းထားတာပါ၊ အဓိကကတော့ စစ်အုပ်စုကို အမြဲတမ်း သူတို့ကုမ္ပဏီတွေမှာ နေထိုင်ခွင့်ပေးထားတယ်။ အဲဒီကနေ စစ်ကြောင်းထိုးတာတွေလုပ်တယ်၊ ပျူသင်တန်းတွေပေးတယ်၊ အဓိကကတော့ စစ်ကောင်စီ ကိုတပ်စွဲခွင့်ပြုတာရယ်၊ ပျူသင်တန်းပေးနေတာတွေရယ်ကို တိုက်ခိုက်မယ်လို့ပြောတာပါ” ဟု ပြင်ဦးလွင် ခရိုင် ပကဖ၊ သပိတ်ကျင်းမြို့နယ် Local ပြောက်ကျားတပ်ဖွဲ့မှဗိုလ်လင်းယုန်က မဇ္စျိမသို့ ပြောသည်။

အထူးသဖြင့် ဦးမန်းစိန်ကုမ္ပဏီနှင့် Myanmar Golden Point Family တို့သည် ကုမ္ပဏီအတွင်း စစ်ကောင်စီတပ်ကို စခန်းချခွင့်ပြုခြင်း၊ ပျူစောထီးသင်တန်းများပေးနေခြင်းအပြင် စစ်အုပ်စုအား ကျွေး မွေးပေးကမ်း ဧည့်ခံခြင်းတို့ဖြင့် စစ်ကောင်စီ၏ထောက်တိုင်အဖြစ်ရပ်တည်နေသည်ကို အသေးစိတ်စုံစမ်း သိရခြင်းကြောင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အဲဒီကုမ္ပဏီတွေနဲ့ဆက်စပ်သူတွေ၊ အနီးအနားကလူတွေရဲ့ သတင်းပေးမှုအရသိရတာပါ၊ ပျူသင်တန်း ပေးနေကတည်းက အဲဒီကုမ္ပဏီတွေအနီးအနားကို ဘယ်သူမှ သွားလာခွင့်မရှိတော့ဘူး၊ ကုမ္ပဏီအနီး တဝိုက်က တောအစပ်တွေကိုတောင် ဖြတ်သန်းသွားလာလို့မရတော့ဘူး။ အထဲမှာ ပျူသင်တန်းတွေကို တခမ်းတနားနဲ့ကို လုပ်နေတယ်။ ဘင်ခရာတွေဘာတွေနဲ့ကိုလုပ်နေတာ။ သတင်းပေးပို့တဲ့ပြည်သူဆိုတာ ကလည်း အတွင်းကျကျ သိတဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ထောက်ပို့တွေပါ၊ တစ်ဦးတစ်ယောက်တည်းက ပေးပို့လာတဲ့သတင်းမဟုတ်ဘူး” ဟုလည်း ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း တစ်စုံတရာထိခိုက်နစ်နာမှုအတွက် တာ၀န်ယူမည်မဟုတ်ကြောင်းလည် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly