ကမ္ဘာပေါ်တွင် လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် အာဖဂန်နစ္စတန် ဆက်လက်သတ်မှတ်ခံရ

By The Print
11 January 2023
ကမ္ဘာပေါ်တွင် လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် အာဖဂန်နစ္စတန် ဆက်လက်သတ်မှတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံသည် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့နေရသည့်အတွက် ကမ္ဘာပေါ်တွင် လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်း (IEP)၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Khaama Press က ဇန်နဝါရီလ ၃ ရက်တွင် ဖော်ပြသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း (GPI) ကို အခြေခံသည့် IEP အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို ဆန်းစစ်အကဲဖြတ်ခဲ့ပြီး အာဖဂန်နစ္စတန်သည် အဆင့် ၁၆၃ တွင် ၂ နှစ် ဆက်တိုက် ရပ်တည်နေသည်။ အာဖဂန်နစ္စတန်သည် ၂၀၂၁ ခုနှစ် ဆန်းစစ်အကဲဖြတ်ချက်တွင် ကမ္ဘာပေါ်တွင် လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခဲ့ပြီး အိုက်စလန်နိုင်ငံက ဘေးကင်းလုံခြုံမှုအရှိဆုံးနိုင်ငံအဖြစ် ဖော်ပြခံရသည်။

အိုက်စလန်ပြီးလျှင် နယူးဇီလန်၊ အိုင်ယာလန်၊ ဒိန်းမတ်၊ သြစတြေးလျ၊ ပေါ်တူဂီ၊ စလိုဗေးနီးယား၊ ချက်သမ္မတ နိုင်ငံ၊ စင်္ကာပူနှင့် ဂျပန်တို့သည် နိုင်ငံတကာ ငြိမ်းချမ်းရေး ညွှန်းကိန်းများအရ အဆင့်၂ မှ ၁၀ အထိ အစဉ်အတိုင်း ရပ်တည်နေသည်ဟု Khaama Press တွင် ဖော်ပြထားသည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် သိမ်းပိုက်ပြီးကတည်းက နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်ဘေးဒဏ်ခံခဲ့ရသော နိုင်ငံအတွင်းရှိ ပြည်သူများ၏ အခြေအနေကို စိုးရိမ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး တာလီဘန်များအနေဖြင့် နိုင်ငံအတွင်း အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆိုခဲ့ကြသည်။

စစ်ဒဏ်ခံနေရသော တိုင်းပြည်တွင် ဗုံးပေါက်ကွဲမှုများနှင့် အကြမ်းဖက်လှုပ်ရှားမှုများသည်လည်း ပုံမှန်ကိစ္စ တစ်ခုကဲ့သို့ ဖြစ်လာပြီး ပြည်သူများအနေဖြင့် ဆက်လက်ခံစားနေကြဦးမည် ဖြစ်သည်။

ထောက်ပံ့ကူညီမှုများရရှိသော်လည်း အာဖဂန်နစ္စတန်၏ ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ်လက်မဲ့နှုန်း သည် အမြင့်ဆုံးတွင် ရှိနေဆဲဖြစ်သည်။ သမိုင်းတစ်လျှောက် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်နေရသည့် အာဖဂန်ပြည်သူများသည် သဘာဝကပ်ဘေးများကြုံရသဖြင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly