ပါကစ္စတန်သံတမန်ရုံးများမှ ဗီဇာထုတ်ပေးမှုနှေးကွေးသည့်အပေါ် ကဘူးလ်မြို့ခံများ စိုးရိမ်နေ

By The Print
11 January 2023
ပါကစ္စတန်သံတမန်ရုံးများမှ ဗီဇာထုတ်ပေးမှုနှေးကွေးသည့်အပေါ် ကဘူးလ်မြို့ခံများ စိုးရိမ်နေ

အာဖဂန်နစ္စတန်ရှိ ပါကစ္စတန်သံတမန်ရုံးများမှ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသည့် လုပ်ငန်းစဉ် လွန်စွာနှေးကွေးနေသည့်အပေါ် ကဘူးလ်မြို့ခံများက စိုးရိမ်နေကြသည်ဟု TOLO သတင်းတွင် ဖော်ပြထားသည်။

ပြည်ဝင်ခွင့်ဗီဇာအတွက် အချိန်ယူကာ လုပ်ဆောင်ခဲ့သော်လည်း ပါကစ္စတန်သံရုံးမှ ငြင်းပယ်ခဲ့ကြောင်း ကဘူးလ်မြို့ခံများက ပြောသည်။ မြို့ခံများက အဆိုပါကိစ္စကို ပါကစ္စတန်နှင့် ဆွေးနွေးအဖြေရှာပေးရန် တာလီဘန်အစိုးရအား တောင်းဆိုထားသည်။

“အာဖဂန်တွေအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရာမှာ အဆင်ပြေချောမွေ့စေဖို့ သံတမန်လမ်းကြောင်းတွေကနေ တစ်ဆင့် ဆောင်ရွက်ပေးဖို့ အာဖဂန်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်” ဟု ကဘူးလ် မြို့ခံတစ်ဦးဖြစ်သည့် လိုင်လူမာကပြောသည်။

"ကျွန်တော်တို့ ဒီကို ဗီဇာအတွက်လာတာပါ။ ဗီဇာထုတ်ပေးစေချင်ပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးသွားဝယ်ချင်လို့ပါ" ဟု အခြားကဘူးလ်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော့်ကို ပါကစ္စတန်ဘက်က ဖိတ်ကြားထားတစ်ခုရှိလို့ သံရုံးကိုသွားတဲ့အခါ ဘယ်သူကမှ စကားမပြောဘဲ ရုံးကိုသော့ခတ်ထားပါတယ်။ ကျွန်တော်တို့ကို ရုံးထဲလည်း ဝင်ခွင့်မပေးဘူး" ဟု ကဘူးလ်မြို့ခံတစ်ဦးက ဆိုသည်။

ပါကစ္စတန်တွင် အခြေစိုက်သည့် အာဖဂန်လူမျိုးများမှာလည်း ဗီဇာသက်တမ်းတိုးခြင်းအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ပါကစ္စတန်ရှိ အာဖဂန်နိုင်ငံသား ရှာခါဆန်ဂီက “ဗီဇာသက်တမ်းကုန်ဆုံးသွားသူများသည် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ယင်းက ပါကစ္စတန်ရှိ အာဖဂန်နိုင်ငံသားများအတွက် အကြီးမားဆုံး စိုးရိမ်စရာအချက် ဖြစ်သည်” ဟု ဆိုသည်။

“အာဖဂန်သတင်းထောက်တွေဟာ မသေချာမရေရာတဲ့ အခြေအနေမှာ နေထိုင်နေရတဲ့အပြင် ဗီဇာသက်တမ်းကုန်သွားလို့ သက်တမ်းတိုးဖို့ လျှောက်ထားခဲ့တာ လချီကြာပြီဖြစ်ပေမယ့် ပါကစ္စတန်အစိုးရက ဗီဇာထုတ်မပေးသေးပါဘူး” ဟု နောက်ထပ် အာဖဂန်နိုင်ငံသား ရာဖီးလာနစ်ခ်ဇက်က ပြောသည်။

ပါကစ္စတန်၊ အီရန်နှင့် တူရကီနိုင်ငံတို့သည် အာဖဂန်နစ္စတန်တွင် ကောင်စစ်ဝန်ရုံးများ ထားရှိထားသည်။

ကျန်းမာရေးကိစ္စအတွက် သွားရောက်လိုသော အာဖဂန်ပြည်သူများမှာလည်း လပေါင်းများစွာ စောင့်ဆိုင်းနေရကာ ပါကစ္စတန်၏ နှေးကွေးလှသသည့် ဗီဇာထုတ်ပေးရေးလုပ်ငန်းစဉ်ကြောင့် မဆုံးနိုင်သော အခက်အခဲများကို ရင်ဆိုင်နေရသည် ဟု TOLO News တွင် ဖော်ပြထားသည်။

အဗ္ဗဒူလာသည် နှလုံးရောဂါခံစားနေရသော သမီးဖြစ်သူကို ဆေးကုသရေးအတွက် ပါကစ္စတန်ဗီဇာရရှိရန် ကြိုးပမ်းနေသူဖြစ်သည်။ သို့သော် ကဘူးလ်ရှိ ပါကစ္စတန်သံရုံးက ဗီဇာမထုတ်ပေးသေးဘဲ စောင့်ဆိုင်း နေရသည်မှာ ၄ လကျော်ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly