ကိုဗစ်ကန့်သတ်ချက်ကြောင့် ၃ နှစ်ကြာပိတ်ထားခဲ့သည့် ဟောင်ကောင်နယ်စပ်ကို တရုတ် ပြန်ဖွင့်လှစ်

By  Reuters
10 January 2023
ကိုဗစ်ကန့်သတ်ချက်ကြောင့် ၃ နှစ်ကြာပိတ်ထားခဲ့သည့် ဟောင်ကောင်နယ်စပ်ကို တရုတ် ပြန်ဖွင့်လှစ်

တရုတ်သည် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ထိခိုက်စေသည့် တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများရုပ်သိမ်းမှုကို အရှိန်မြှင့်လုပ်ဆောင်လာပြီး အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟောင်ကောင်နှင့်နယ်စပ်ကို ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။

ထို့ကြောင့် ဘဏ္ဍာရေးအချက်အချာနေရာဖြစ်သော ဟောင်ကောင်နှင့် ပြည်မကြီးအကြားတွင် သီးသန့်ခွဲခြားစောင့်ကြည့်စရာမလိုသည့် ခရီးသွားလာမှုကို ဖြည်းဖြည်းချင်း စနစ်တကျ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးက ဇန်နဝါရီလ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တစ်မြို့လုံး အသွားအလာကန့်သတ်မှုမှလွဲ၍ ဟောင်ကောင်သည် ကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့ပေးသည့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းအထိ တရုတ်၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို သေချာလိုက်နာခဲ့သည်။

ဟောင်ကောင်သည် ဒီဇင်ဘာလတွင် ကိုဗစ်စည်းမျဉ်းအားလုံးကို ဖျက်သိမ်းခဲ့သော်လည်း လေ့ကျင့်ခန်းလုပ်ချိန်မှအပ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ထားရမည်ဖြစ်သည်။

ဟောင်ကောင် သို့မဟုတ် တရုတ်မှ တစ်ရက်လျှင် အများဆုံး လူဦးရေ ၆၀ ၀၀၀ အထိ ဇန်နဝါရီလ ၈ ရက်မှစတင်ကာ နယ်စပ်ဖြတ်ကျော်နိုင်ပြီဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက ဇန်နဝါရီလ ၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟောင်ကောင်နှင့် မကာအိုအကြား နယ်စပ်ဖြတ်ကျော်မှု အစီအစဉ်များနှင့်ပတ်သက်၍ အစိုးရက နောက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမတိုင်မီက တစ်နှစ်လျှင် ခရီးသည် ၂၃၆ သန်းကျော်သည် နယ်စပ်ဖြတ်ကျော် ခရီးသွားလာခဲ့ကြောင်း အစိုးရအချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ဆိုက်ရောက်ချိန်တွင် ကိုဗစ်ဆေးစစ်ချက်ပြရန် မလိုအပ်တော့ဘဲ ဟောင်ကောင်သို့ သွားမည့် ပြည်မကြီးမှလူများကို ဇန်နဝါရီလ ၈ ရက်မှစ၍ အထူးခရီးသွားနှင့်လုပ်ငန်းဗီဇာများ ထုတ်ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့အကြား လေကြောင်းခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲသွားမည်ဟု ဟောင်ကောင်အစိုးရကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly