စစ်ကောင်စီ ရွေးကောက်ပွဲကို ပတ်သက်သူများ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်မည်ဟု CDF – Hakah Council သတိပေး

By ပါခွီး (မဇ္စျိမ)
09 January 2023
စစ်ကောင်စီ ရွေးကောက်ပွဲကို ပတ်သက်သူများ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်မည်ဟု CDF – Hakah Council သတိပေး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများအား ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကြောင်း CDF – Hakah Council က ယနေ့ ဇန်နဝါရီလ ၉ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပါဝင်‌ဆောင်ရွက်သော ရုံး နှင့် လူပုဂ္ဂိုလ် ၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့် လူပုဂ္ဂိုလ် ၊ မဲပေးသူ မည်သူမဆို အပြစ်မဲ့ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက် စစ်ခွေး(စစ်ကောင်စီတပ်) နှင့်အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အာဏာရူး မင်းအောင်လှိုင် နှင့် အကြမ်းဖက်စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ကာ တရားဝင်အစိုးရ ဖြစ်နိုင်ရေး ကြိုးစားမှုအား လုံးဝ ကန့်ကွက်ပြီး ဟားခါးမြို့နယ်အတွင်း ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦး ဦးအား ထိခိုက်မှုတစ်စုံတရာ ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့ အစည်း ၊ လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဇန်နဝါရီလ ၈ ရက်နေ့က ဟားခါးမြို့တွင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က အိမ်ထောင်စုစာရင်းများ ကောက်ယူရန် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

စာတည်း။   ။ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required