၂၀၂၀ရွေးကောက်ပွဲသည် ဒီမိုကရေစီအညွန့်ချိုးခဲ့ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်စွပ်စွဲ

By မိုးသောက် (မဇ္ဈိမ)
08 January 2023
၂၀၂၀ရွေးကောက်ပွဲသည် ဒီမိုကရေစီအညွန့်ချိုးခဲ့ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်စွပ်စွဲ

ဇန်နဝါရီလ ၈ ရက်

၂၀၂၀ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖွံ့ဖြိုးဆဲအခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်သည်ဟု အာဏာသိမ်းထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးများနှင့် တွေ့ဆုံရာတွင် “၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးဆဲ အခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်သည်” ဟု စစ်ကောင်စီ ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ခေါင်းဆောင်၏ စွပ်စွဲမှုနှင့်ပတ်သက်ပြီး “ဒါကတော့ရှင်းရှင်းလေး။တစ်ခွန်းတည်းပြောရရင် သူခိုးက လူကိုပြန်ပြီး စွပ်စွဲနေတဲ့ အနေအထားပေါ့ဗျာ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု‌ဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု အကြောင်းပြပြီး အရပ်သားနိုင်ငံ့ခါင်းဆောင်များကို ဖမ်းဆီးကာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များနှင့် ချွတ်ချော်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကြီး၏ ရလဒ်များကို အပြောင်းအလဲဖြစ်စေနိုင်သည်အထိ သက်ရောက်မှုမရှိခဲ့ကြောင်း ရွေးကောက်ပွဲကို လေ့လာ‌စောင့်ကြည့်ခဲ့သည့် PEACE Myanmar အဖွဲ့၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်ကောင်စီတပ်သည် နှစ်နှစ်နီးပါးကြာသည့်တိုင် ရွေးကောက်ပွဲအကြောင်းပြပြီးအာဏာသိမ်းမှုကို ကျူးလွန်ထားခြင်းဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်သည် မဲမသမာမှုဖြစ်ပွားသည်ကို နေရာတိုင်း၊ပွဲအခမ်းအနားတိုင်းတွင် ပြောနေသည့်အပြင် ဒီမိုကရေစီ အညွန့်ချိုးခဲ့သည်ဟုပင် စွပ်စွဲပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌဖြစ်သူ ဦးအောင်မိုးဇော်က “သူတို့ကဒီလိုပဲ လိမ်ညာနေတာလေ။ အာဏာသိမ်းတာလည်း လိမ်ညာနေတာပဲလေ ။သူတို့ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်ဘာမှမပြောချင်ဘူး။ ပြောစရာလည်း အကြောင်းမရှိဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာက တတိုင်းပြည်လုံး အများစုက မဲပေးရွေးချယ်ခဲ့တဲ့ကိစ္စကို သူတို့လက်မခံလို့ အခုလို ကမောက်ကမ ဖြစ်ခဲ့တာလေ” ဟု မှတ်ချက်ပြုသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်တွင် မဲမသမာမှု ကိစ္စများကို ဆွေးနွေးခဲ့သည့်အပြင် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ၎င်းတို့ တာဝန်ယူချိန်တွင် ပြန်လည်ထောင်မတ်လာခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်ကို တွေ့ရသည်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ၊ဖက်ဒရယ်ကိုအခြေခံသော ဒီမိုကရေစီ စသည်ဖြင့် ပွဲတိုင်းတွင် ပုံစံမျိုးစုံဖြင့် ပြောလေ့ရှိသည့် စစ်ကောင်စီလက်ထက်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် နေ့စဉ်နှင့်အမျှ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ ခံနေရသည်ကို တွေ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအရ အာဏာသိမ်းသည့်နေ့မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ အထိ ပြည်သူ ၁၆၉၉၂ဦး ဖမ်းဆီးခံထားရပြီး ၂၇၀၇ဦး သတ်ဖြတ်ခံထားရကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly