ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမျိုးသား ၃ ဦး ရိုက်နှက်ခံရ

By ရွှေနွယ်(မဇ္ဈိမ)
08 January 2023
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် အမျိုးသား ၃ ဦး ရိုက်နှက်ခံရ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မဟာစည်ရိပ်သာဝင်ပေါက်အနီးတွင် ဇန်နဝါရီလ ၇ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က အမျိုးသားသုံးဦး ရိုက်နှက်ခံရသည်ဟု ဗဟန်းမြို့နေ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

“လူနာသုံးယောက်ကတော့ အသက် ၆၀ လောက်ကတစ်ယောက်။ ၅၀ လောက်တစ်ယောက်နဲ့ ၅၅ နှစ်လောက် တစ်ယောက်ပါ၊ အခင်းဖြစ်ပြီးတော့ မြေပေါ်မှာ လဲနေတာတွေ့ရတာပါ၊ ဖြစ်စဉ်အသေးစိတ်တော့ မသိရပေမယ့် လမ်းမှာ တက္ကစီအချင်းချင်း ငြိလာကြတယ်လို့တော့ ကြားတယ်” ဟု ဒေသခံက ဆိုသည်။

ဓားဖြင့်ခုတ်ခံရသော အမျိုးသားသုံးဦးသည် ကားတစ်စီးတည်း အတူစီးလာကြခြင်းဖြစ်ပြီး ၎င်းတို့သည် လမ်းတွင် အခြားကားတစ်စီးနှင့် ပြသနာတက်လာခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ထို့နောက် အဆိုပါကားနှစ်စီးအနက် အမျိုးသား သုံးဦး လိုက်ပါလာသောကားသည် လမ်းဘေးတွင်ရှိသော လမ်းညွှန်ဆိုင်းဘုတ်အား တိုက်မိသွားသည့်အချိန်တွင် အနောက်မှပါလာသော ၎င်းတို့နှင့် ပြသာနာတက်လာခဲ့သော ကားပေါ်မှလူများက ဆင်း၍ ရိုက်နှက်သွားခြင်းဖြစ်သည်ဟု သိရသည်။

"သုံးယောက်ထဲက အသက် ၆၀ လောက်တစ်ယောက်ကတော့ မျက်နှာနဲ့မေးရိုးထိလို့ ဦးနှောက်နဲ့အာရုံကြောကိုပို့ထားရတယ်လို့ ကြားတယ်၊ ဆင်းရိုက်သွားတဲ့သူတွေရဲ့ကားနံပတ်ကိုတော့ အနီးအနားက မှတ်ပေးထားကြတယ်" ဟု သတင်းအရင်းမြစ်က ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် "ကမ္ဘာအေးဘုရားလမ်း ဟာမစ်တစ်မှတ်တိုင်အနီး မှုခင်းပိုင်းဆိုင်ရာတစ်ခုဖြစ်၊ ဦးခေါင်းထိခိုက်လူနာ သုံးဦးကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ထားသည်" ဟု ဖော်ပြထားသည်။

အရိုက်ခံရသည့် သုံးဦးထဲမှ တစ်ဦးမှာ ဆေးကုသမှုခံယူလျက်ရှိပြီး နှစ်ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required