၂၀၂၃ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီရှင်းပြသည်ကိုသာ နားထောင်ခဲ့သည်ဟု “ဝ” အဖွဲ့ဆို

By မိုးသောက်
08 January 2023
၂၀၂၃ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီရှင်းပြသည်ကိုသာ နားထောင်ခဲ့သည်ဟု “ဝ” အဖွဲ့ဆို

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ကို စစ်ကောင်စီက ထပ်မံတွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများကို ဆွေးနွေးကြောင်း ဆွေးနွေးပွဲစတင်သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

"ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့နှင့် ဇန်နဝါရီလ ၅ ရက်နေ့မှ ၇ရက်နေ့အထိ သုံးရက်ကြာ နေပြည်တော်တွင် တွေ့ဆုံကြခြင်း ဖြစ်သည်။

အစည်အဝေးတွင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး သုံးရက်တာ ဆွေးနွေးမှုများ၏ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော်လည်း ဆွေးနွေးပွဲတွင် ဒေသဆိုင်ရာကိစ္စ များသာ ဆွေးနွေးခဲ့ကြပြီး ဖွဲ့စည်းပုံကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကိစ္စရပ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ရှင်းပြသည်များကိုသာ နားထောင်ခဲ့ကြကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက မဇ္ဈိမသို့ပြောသည်။

“ကျနော်တို့ကတော့ အဓိကက ကျနော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၊ ကျန်းမာရေး၊ပညာရေး ၊မူးယစ်ဆေးဝါးစသဖြင့် အဲဒီလောက်ပဲဆွေးနွေးတာပဲရှိပါတယ်” ဟု ဆိုသည်။

SSPPအနေဖြင့် ဆွေးနွေးပွဲတွင် မည်သည့်ကိစ္စများ ဆွေးနွေးခဲ့ပြီး ၊သဘောတူညီချက်များရရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ကိုလည်း ဆက်သွယ်ခွင့်ရရှိရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။

SSPPပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း AFPသတင်းဌာနကိုဖြေကြားထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး “ဝ” ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခြင်းမရှိသော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့်၎င်းတို့၏ သဘောထားကို မဇ္ဈိမသို့ပြောသည်။

“ကျနော်တို့ ဝပြည်အတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာတော့ အဆင်သင့်တော့မဖြစ်သေးပါဘူးနော်” ဟု ဦးညီရန်းကဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ‌ နောက်ဆုံးပတ်ကလည်း အပစ်ရပ်ခုနစ်ဖွဲ့ကို ဖိတ်ကြားခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများအတွက် ဆွေးနွေးခဲ့ကြသည်။ ထိုပွဲကို ဖိတ်ကြားသည့် အပစ်ရပ် ခုနစ်ဖွဲ့အနက် ငါးဖွဲ့သာ တက်ရောက်ခဲ့သည်။

၂၀၂၂ခုနှစ်ဧပြီလအတွင်းက စစ်ကောင်စီ၏ ဖိတ်ခေါ်မှုအရ ပြုလုပ်ခဲ့ကြသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ယခုအကြိမ်အပါအဝင် သုံးကြိမ်တိုင်တိုင်ရှိပြီဖြစ်သည်။ ယခင် နှစ်ကြိမ်တွေ့ဆုံမှုများတွင် တစ်ဖွဲ့ချင်းစီသာ တွေ့ဆုံခဲ့သော်လည်း ယခုတွေ့ဆုံမှုတွင် အပစ်ရပ်အဖွဲ့များနှင့် အပစ်ရပ် လက်မှတ်ထိုးထားခြင်း မရှိသည့်အဖွဲ့များကို တစ်အုပ်စုစီ တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required