တရုတ်လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးကို စောင့်ကြည့်ရန် ဂျပန်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်

By Reuters
09 January 2023
တရုတ်လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးကို စောင့်ကြည့်ရန် ဂျပန်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်

 

ဂျပန်အစိုးရသည် ပစိဖိတ်သမုဒ္ဒရာတွင် တရုတ် Liaoning လေယာဉ်တင်သင်္ဘောနှင့် စစ်သင်္ဘော ၅ စင်း၏ ရေတပ်လေ့ကျင့်မှုများနှင့် ပျံသန်းမှုဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်သည်ကို စောင့်ကြည့်ရန် လွန်ခဲ့သည့် သီတင်း၂ ပတ်အတွင်း ဂျပန်တိုက်လေယာဉ်များအရေးပေါ်ပျံတက်ခြင်းနှင့် လေယာဉ်နှင့် စစ်သင်္ဘောများ ဖြန့်ကြက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ဇန်နဝါရီလ ၂ ရက်က ပြောကြားလိုက်သည်။

ဒုံးဖျက်သင်္ဘောများပါဝင်သော တရုတ်ရေတပ်အုပ်စုသည်  ဒီဇင်ဘာ ၁၆ ရက်က အိုကီနာဝါကျွန်းနှင့် မီယာကိုဂျီမာကျွန်းအကြား အရှေ့တရုတ်ပင်လယ်မှ အနောက်ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းခဲ့ပြီးနောက် ဂျပန်က စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသင်္ဘောအုပ်စုသည် ဇန်နဝါရီလ ၁ ရက်က လာလမ်းအတိုင်းမပြန်လာမီ တရုတ်လေယာဉ်တင်သင်္ဘောမှ လေယာဉ်နှင့် ရဟတ်ယာဉ်များသည် အတက်အဆင်း အကြိမ်ရေ ၃၀ဝ ကျော် ပြုလုပ်ခဲ့ပြီး ဂျပန်ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်အတွင်းကိုမူ ကျူးကျော်ဝင်ရောက်မှုမရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်သည် မေလကလည်း အလားတူ စစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး အိမ်နီးချင်း ထိုင်ဝမ်ကို ရန်စမှုအပါအဝင် ဒေသတွင်း ပိုင်နက်တောင်းဆိုမှုအတွက် တရုတ်အား စစ်အင်အားအသုံးပြုမှုကို ဟန့်တားသည့်အနေဖြင့် ဂျပန်က လာမည့် ၅ နှစ်အတွင်း စစ်ရေးအသုံးစရိတ်ကို ၂ ဆ တိုးမြှင့်မည်ဟု ကြေညာပြီးနောက် တရုတ်က ဂျပန်ကျွန်းစုများအနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာခြင်းဖြစ်သည်။

မီယာကိုဂျီမာကျွန်းအနီးတွင် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များ၌ တရုတ် WZ-7 ဒရုန်း ၁ စင်း ပျံသန်းနေသည်ကို တွေ့ရှိရပြီး ယင်းဒေသတွင် အမြင့်ပျံ ဒရုန်းကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly