တရုတ်တွင် ကိုဗစ်လှိုင်းကြောင့် နာမည်ကျော်အနုပညာရှင်များစွာ သေဆုံး

By ANI
09 January 2023
တရုတ်တွင် ကိုဗစ်လှိုင်းကြောင့် နာမည်ကျော်အနုပညာရှင်များစွာ သေဆုံး

တရုတ်တွင် မကြာသေးမီက အိုမီခရွန်မျိုးကွဲကူးစက်မှု မြင့်တက်လာမှုကြောင့် နာမည်ကျော်အနုပညာရှင်များ၊ သရုပ်ဆောင်များ၊ အော်ပရာအဆိုတော်များ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် စာရေးဆရာများ အသက်ဆုံးရှုံးခဲ့ကြောင်း နယူးယောက်အခြေစိုက် ကမ္ဘာ့ရုပ်မြင်သံကြားကွန်ရက် NTD ၏ သတင်းတွင် ဖော်ပြထားသည်။

မင်းသား ကျန်းမု၊ ရန်ကျန်၊ ချုလန်လန်၊ ချန်ကျန်းဟွာ၊ ယုယုဟန်၊ ရှုန့်ယန်ကျန်း၊ ဟိုမန်းလန်နှင့် သမ္မတရှီကျင့်ဖျင် ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် အဆက်အသွယ်ကောင်းခဲ့သည့် ကျောက်ကျိယွန် အပါအဝင် သရုပ်ဆောင်များစွာသည် ကိုဗစ်ရောဂါကူးစက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

တရုတ်ကွန်မြူနစ်ပါတီဇာတ်ကားများစွာတွင် မော်စီတုံးအဖြစ်သရုပ်ဆောင်သည့် အသက် ၉၂ နှစ်အရွယ် မင်းသားကျန်းမုလည်း ကွယ်လွန်သွားခဲ့သည်။ ကျန်းသည် လက်ရေးလှဆရာဖြစ်ပြီး တရုတ် အော်ပရာ၊ အကဒရမ်မာနှင့် ဇာတ်ရုံအော်ပရာအဖွဲ့၏ ဒါရိုက်တာဖြစ်သည်။

ကျန်းကို ၁၉၃၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၆ နှစ်တွင် တရုတ်အရှေ့မြောက်ပိုင်းရှိ CCP တော်လှန်ရေး အင်အားစုတွင် ပါဝင်ခဲ့သည်။ အသက် ၂၁ နှစ်အရွယ်တွင် CCP ၏ တောင်ပိုင်းအနုပညာတပ်တွင် အော်ပရာ အဆိုတော်ဖြစ်လာခဲ့သည်ဟု NTD သတင်းတွင် ဖော်ပြခဲ့သည်။

စုန့်ပေါင်ကွမ်ဟု အများအားဖြင့် သိကြသည့် စုန့်ချန်ရုန်သည် ပီကင်းအော်ပရာ ဖျော်ဖြေသူဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်က အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

စုန့်သည် ကျန်းစုပြည်နယ် စင်တင်သရုပ်ဆောင်အဖွဲ့၏ လက်ထောက်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျန်းစုပြည်နယ် ဟန်ပြဥပဒေပြုလွှတ်တော်၏ အဖွဲ့ဝင်ဖြစ်သည်။

အစောပိုင်း CCP ခေါင်းဆောင်များဖြစ်သည့် မော်စီတုံးနှင့် ချူအင်လိုင်းတို့က ချီးကျူးခဲ့ကြသည့် ပီကင်း အော်ပရာအနုပညာရှင် ရန်ကျန်သည် ဒီဇင်ဘာ ၁၇ ရက်က အသက် ၁၀၃ နှစ်အရွယ်တွင် ပေကျင်း၌ ကွယ်လွန်ခဲ့သည်။

အသက် ၆၀ အရွယ် ဇာတ်ညွှန်းရေးဆရာ ယန်လင်းသည် ဒီဇင်ဘာ ၂၁ ရက်က ဟိုင်နန်ပြည်နယ်၌ ကွယ်လွန် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly