ကျွန်းအနီးပျံသန်းလာသည့် တရုတ် ဒရုန်းကို ဂျပန်က တိုက်လေယာဉ်များဖြင့် တုံ့ပြန်

By SCMP
09 January 2023
ကျွန်းအနီးပျံသန်းလာသည့် တရုတ် ဒရုန်းကို ဂျပန်က တိုက်လေယာဉ်များဖြင့် တုံ့ပြန်

ဂျပန်အနောက်တောင်ပိုင်းရှိ အိုကီနာဝါနှင့် မီယာကိုဂျီမာကျွန်းများအကြား ရေပြင်သို့ နှစ်သစ်ကူးနေ့တွင် တရုတ်စစ်ဘက်ဒရုန်း ၁ စင်း ပျံသန်းနေသည်ကို တွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဂျပန်က WZ-7 မောင်းသူမဲ့ကင်းထောက်လေယာဉ်သည် အရှေ့တရုတ်ပင်လယ်မှ ဂျပန်ကျွန်းစုများအကြား ဖြတ်သွားကာ ပစိဖိတ်သမုဒ္ဒရာသို့ ဦးတည်ပျံသန်းသွားပြီးနောက် လာလမ်းအတိုင်း အနောက်ဘက်သို့ လှည့်ပြန်သွားခဲ့ကြောင်း ဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်က ပြောကြားခဲ့သည်။

ဒရုန်းသည် ဂျပန်လေပိုင်နက်အတွင်းသို့ မဝင်ရောက်ခဲ့သော်လည်း ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ တိုက်လေယာဉ်များ အရေးပေါ်ပျံသန်းခဲ့ရသည်။

ဂျပန်အနီးအနားမှာ ဒီဒရုန်းအမျိုးအစားကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရတာပါ။ ဒါက တွေ့ဖူးသမျှ စတုတ္ထ မြောက် တရုတ်စစ်ဘက်သုံး ဒရုန်းအမျိုးအစားဖြစ်ပါတယ်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ပြောကြားခဲ့ကြောင်း NHK မှ ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်က စစ်ဆင်ရေးစွမ်းရည်ကို တိုးမြှင့်ရန် ကြိုးပမ်းသည့်အနေဖြင့် ဒရုန်းများကို အသုံးပြုနိုင်ခြင်း ကြောင့် ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်တွင် ဆန်ကာကုဟုခေါ်သည့် သရောက်ယွီကျွန်းစုများတည်ရှိရာ အရှေ့တရုတ်ပင်လယ်တွင် အငြင်းပွားမှုများနှင့် ထိုင်ဝမ်ကိစ္စကြောင့် တရုတ်နှင့် ဂျပန်အကြားဆက်ဆံရေးသည် ၂၀၂၂ ခုနှစ်တွင် တင်းမာခဲ့သည်။

လူမနေသောကျွန်းများကို ဂျပန်က အုပ်ချုပ်နေသော်လည်း တရုတ်က ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။

တရုတ်ရေတပ်၏ Liaoning လေယာဉ်တင်သင်္ဘောသည် ဖျက်သင်္ဘော ၂ စင်း၊ ဖရီးဂိတ် သင်္ဘော ၁ စင်းတို့နှင့်အတူ အိုကီနာဝါကျွန်းအနီးတွင် ဒီဇင်ဘာလတွင် စစ်ရေးလေ့ကျင့်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly