ရုရှားနှင့်ဘီလာရုစ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထိုင်ဝမ် တိုးမြှင့်

By Focus Taiwan
09 January 2023
  ရုရှားနှင့်ဘီလာရုစ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထိုင်ဝမ် တိုးမြှင့်

ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ရုရှားနှင့်၎င်း၏မဟာမိတ် ဘီလာရုစ်တို့အပေါ် ချက်ချင်းအသက်ဝင်မည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်လိုက်ကြောင်း ဇန်နဝါရီလ ၄ ရက်က ကြေညာလိုက်သည်။ ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အဆိုပါ ၂ နိုင်ငံအား ထိုင်ဝမ်နိုင်ငံထုတ် နည်းပညာမြင့်ပစ္စည်းများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမပြုနိုင်စေရန် ထိုင်ဝမ်က ရည်ရွယ်ခြင်း ဖြစ်သည်။

ရုရှားနှင့် ဘီလာရုစ်သို့ တင်ပို့ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ကုန်ပစ္စည်းများတွင် ရိုင်စင်၊ ကွန်နို တောက်စင်အဆိပ်၊ ဘော့ကျူလိုင်နမ်အဆိပ်၊ နိုက်ထရိုဂျင်ထရွိုင်ဖလိုရိုက်၊ အမိုနီယံနိုက်ထရိတ်၊ ထရွိုင်ဗျူတိုင်း ဖော့စ်ဖိတ်နှင့် နိုက်ထရစ်အက်ဆစ် ကဲ့သို့သော ဓာတုပစ္စည်းများနှင့် သံမဏိနံပါတ် ၃၀၄ နှင့် ၃၁၆ တို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထပ်တိုးပိတ်ဆို့အရေးယူမှုများတွင် ကွန်ပျူတာဂဏန်းထိန်းချုပ်စက်များ၊ စက်ယန္တရား ထိန်းချုပ်ရေးစက်များ၊ CNC ကြိတ်စက်များ၊ လျှပ်စစ်ထုတ်လွှတ်သည့်စက်များနှင့် ထိန်းချုပ်ကိရိယာများ အပါအဝင် စက်မှုထုတ်ကုန်များလည်း ပါဝင်ကြောင်း MOEA မှ ပြောကြားခဲ့သည်။

နံပါတ်တုတ်များ၊ လက်ထိတ်များ၊ သံခြေချင်းများနှင့် ဖမ်းဆီးချုပ်နှောင်ရာတွင်သုံးသည့် အင်္ကျီကဲ့သို့သော များပြားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသုံးသည့် ကိရိယာများလည်း ပါဝင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားနှင့် ဘီလာရုစ်တို့အပေါ် အသစ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများသည် ကွန်ပျူတာနှင့် သတင်း အချက်အလက်ဆက်သွယ်ရေးထုတ်ကုန်များ၊ အာရုံခံကိရိယာများ၊ လေဆာပစ္စည်းများနှင့် အာကာသယာဉ် သုံးပစ္စည်းများ ပါဝင်သည့် ၂၀၂၂ ခုနှစ် ဧပြီလနှင့် မေလတွင် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှု၏ နောက်ဆက်တွဲ ဖြစ်ကြောင်း MOEA က ဆိုသည်။

ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့ စိတ်တူကိုယ်တူနိုင်ငံများ၏ ကန့်သတ်ချက်များနှင့်အညီ ရုရှားနှင့် ဘီလာရုစ်တို့ကို ပိတ်ဆို့ အရေးယူမှုများ ထပ်တိုးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားကျူးကျော်မှုအပြီးတွင် ထိုင်ဝမ်အစိုးရသည် သမားရိုးကျလက်နက်နှင့် နှစ်မျိုးသုံးကုန်ပစ္စည်းများနှင့် နည်း ပညာများအတွက် ပို့ကုန်ထိန်းချုပ်ရေး ဝါဆန်နာအစီအစဉ်ကို လိုက်နာခဲ့ပြီး ရုရှားနှင့် ဘီလာရုစ်သို့ ထိုင်ဝမ်၏ ပို့ကုန်များကို စိစစ်ကြပ်မတ်ရန် ၂၀၂၂ ခုနှစ် မတ်လကတည်း စတင်ခဲ့ကြောင်း MOEA မှ ပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် ပြည်တွင်းစက်မှုအသင်းအဖွဲ့များ၊ ရုရှားနှင့် ဘီလာရုစ်ရှိ အဓိကဝယ်လက်များရှိသည့် ထိုင်ဝမ် အသေးစားနှင့်အလတ်စားပို့ကုန်လုပ်ငန်းရှင်များနှင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တွေ့ဆုံကာ နှစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

နိုင်ငံခြားကုန်သွယ်မှုဗျူရိုနှင့် အစိုးရကထောက်ပံ့ထားသော ကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် ထိုင်ဝမ်ပြည်ပ ကုန်သွယ် မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့သည် ယင်းသို့ထပ်မံဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ထိခိုက်မည့် ထိုင်ဝမ်ပို့ကုန် လုပ်ငန်းရှင်များကို ဆက်သွယ်ခဲ့ပြီး ပို့ကုန်ကန့်သတ်ချက်အသစ်၏ သက်ရောက်မှုကို ကူညီလျှော့ချပေးလိုကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ပို့ကုန်လုပ်ငန်းရှင်များအား စည်းကမ်းချက်များကို လိုက်နာရန်နှင့် ရုရှားနှင့် ဘီလာရုစ်သို့ တားမြစ်ထားသည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly