လစာမရသဖြင့် အာဖဂန်ပင်စင်စားအရာရှိများ ကဘူးလ်တွင် ဆန္ဒပြ

By ANI
09 January 2023
လစာမရသဖြင့် အာဖဂန်ပင်စင်စားအရာရှိများ ကဘူးလ်တွင် ဆန္ဒပြ

အာဖဂန်နစ္စတန်မှ အငြိမ်းစားအရာရှိအများအပြားသည်  ပင်စင်လစာ မရသဖြင့် မြို့တော် ကဘူးလ်တွင် ဇန်နဝါရီ ၂ ရက်က ဆန္ဒပြခဲ့ကြသည်ဟု TOLO News သတင်းတွင် ဖော်ပြထားသည်။

ယခင်အစိုးရများလက်ထက်တွင် အငြိမ်းစားယူခဲ့သော စစ်သားများနှင့် အရပ်ဘက်အရာရှိများသည် ပြီးခဲ့သည့် ၁၆ လ အတွက် လစာများမရသေးသောကြောင့် ချမ်းအေးသော ဆောင်းရာသီတွင် အခက်အခဲများစွာ ကြုံတွေ့နေရ သည်ဟု ဆိုကာ ဆန္ဒပြခဲ့ကြသည်။

"အိမ်မှာ အနွေးဓါတ်ရအောင် အပူပေးစရာ ဘာမှမရှိပါဘူး။ အိမ်ငှားခ အာဖဂန်ငွေ ၀၀၀ ပေးရပြီး ကျွန်မတို့မှာ မိသားစု ၃ ယောက်ရှိပါတယ်။ ချွေးမကလည်း အိမ်မှာလာနေတာပါ။ စားစရာလည်း ဘာမှ မရှိပါဘူး" ဟု အစိုးရဝန်ထမ်းဟောင်း အလီနာ၏ ပြောကြားချက်ကို ကိုးကား၍ TOLO သတင်း က ဖော်ပြထားသည်။

ဆန္ဒပြသူများက ၎င်းတို့ပင်စင်လစာများထုတ်ပေးရန် တာလီဘန်များကို တောင်းဆိုခဲ့ကြသည်။

တာလီဘန်အစိုးရသစ်က ကျွန်တော်တို့ရဲ့ပင်စင်လစာတွေ ပေးမယ်လို့ ကတိပေးထားတာ နှစ်ခွဲလောက်ရှိပြီ ဒါပေမယ့် ခုထိ လစာမရသေးပါဘူး” ဟု ပင်စင်စားတစ်ဦိးဖြစ်သည့် ဇာဘီအူလာက ပြောသည်။

တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် သိမ်းပိုက်ပြီးကတည်းက နိုင်ငံတကာအသိုက်အဝန်းသည် စစ်ဘေးသင့် အာဖဂန်ပြည်သူများ၏ အခြေအနေအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး တာလီဘန်များအနေဖြင့် နိုင်ငံတွင်း အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆိုခဲ့ကြသည်။

ထောက်ပံ့ကူညီမှုများရှိသော်လည်း အာဖဂန်နစ္စတန်၏ ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ်လက်မဲ့နှုန်း သည် အမြင့်ဆုံးတွင် ရှိနေဆဲဖြစ်သည်။ သမိုင်းတစ်လျှောက် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်နေရသည့် အာဖဂန်ပြည်သူများမှာ သဘာဝကပ်ဘေးများကြုံရသဖြင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly