ပြည်ပမှ ထုတ်လွှင့်နေသည့် အာဖဂန်မီဒီယာများကို တာလီဘန် တရားစွဲမည်

By ANI
09 January 2023
ပြည်ပမှ ထုတ်လွှင့်နေသည့် အာဖဂန်မီဒီယာများကို တာလီဘန် တရားစွဲမည်

 

ဝါဒဖြန့်မှုများပြုလုပ်သည့်အာဖဂန်နစ္စတန်မီဒီယာ အဖွဲ့အစည်းများအား တာလီဘန်အစိုးရ၏ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးဟေးမဒ်က ပြစ်တင်ရှုတ်ချလိုက်ပြီး တာလီဘန်တရားရုံးများအနေဖြင့် ပြည်ပမှ ထုတ်လွှင့်နေသော အဆိုပါမီဒီယာများကို မကြာမီကာလအတွင်း တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့ကြောင်း Khaama Press သတင်းတွင် ဖော်ပြထားသည်။

 

 “ဒီမီဒီယာတွေနဲ့ ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ချက်ချပြီးပါပြီ။ မကြာခင်မှာ အဲဒီဆုံးဖြတ်ချက်ကို ထုတ်ပြန်တော့မယ်လို့ထင်ပါတယ်။ ပြည်ပကနေ ထုတ်လွှင့်တာတွေ အစိုးရဆန့်ကျင်ရေးဝါဒဖြန့်တာတွေကို ဥပဒေမှာ ခွင့်ပြုမထားပါဘူး” ဟု ဟေးမဒ်က ပြောသည်။

တာလီဘန်လက်ထက်တွင် အာဖဂန်နစ္စတန်ရှိ မီဒီယာများနှင့် သတင်းဌာနများသည် တင်းကျပ်သော ကန့်သတ်တားဆီးမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်ပရှိအာဖဂန်မီဒီယာများကိုလည်း တရားစွဲဆိုမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

တာလီဘန်အာဏာပိုင်များသည် မီဒီယာများအတွက် သင့်လျော်သော လမ်းညွှန်ချက်ကို ချမှတ်ရန် စီစဉ်နေကြောင်း ပြောကာ ဒီဇင်ဘာလဆန်းတွင် နိုင်ငံတွင်းရှိ မီဒီယာများ အခက်ကြုံစေရန် ထပ်မံလုပ်ဆောင်ခဲ့သည်။

အာဖဂန်နစ္စတန်ရှိ သတင်းသမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများစွာက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်

တာလီဘန်များ အာဏာရလာကတည်းက အာဖဂန်နစ္စတန်တွင် သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇတ်မှုများ အဆမတန်များပြားလာပြီးနောက် သတင်းထောက် ၂၀၀ ထက်မနည်းသည် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂကူညီစောင့်ရှောက်ရေး အဖွဲ့ (UNAMA) ၏ နိုဝင်ဘာလအစောပိုင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စံချိန်တင်များပြားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းများ ပါဝင်သည်။

အာဖဂန်နစ္စတန်တွင် မီဒီယာများ အန္တရာယ်ကျရောက်နေသည်’၊ ‘သတင်းထောက်များကို ကာကွယ်ပါ’  ‘ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးခြင်းများကို ရပ်ဆိုင်းပါ" ဟု UNAMA က တွစ်တာတွင် ရေးသားခဲ့သည်။

တာလီဘန်များသည် ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်တွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် နိုင်ငံအတွင်းတွင် အမျိုးသား/အမျိုးသမီး တန်းတူအခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကြိုးပမ်းမှုများကိုလည်း နှိပ်ကွပ်ကာ အမျိုးသမီးများအတွက်အခွင့်အရေးမြှင့်တင်မှုနှင့် သတင်းလွတ်လပ်ခွင့်များကို ရုပ်သိမ်းခဲ့သည်။

အကြမ်းဖက်အဖွဲ့ အာဏာရလာချိန်မှစ၍ သတင်းထောက် ၄၅ ရာခိုင်နှုန်းကျော် နုတ်ထွက်ခဲ့ကြောင်း တောင်အာရှမီဒီယာပေါင်းစည်းညီညွတ်ရေးကွန်ရက် (SAMSN) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်ရှိ မီဒီယာများအပေါ် ကန့်သတ်ချက်များ တိုးမြှင့်လာခြင်းကြောင့် ကုလသမဂ္ဂနှင့် သတင်းထောက်များအား ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) အပါအဝင် နိုင်ငံတကာက  ဝေဖန် ပြစ်တင်ခဲ့ကြပြီး ပြည်တွင်း သတင်းသမားများကိုနှောင့်ယှက်ခြင်းနှင့် ဖမ်းဆီး၊ ခြိမ်းခြောက်မှုများ အဆက်မပြတ်ပြုလုပ်ခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်တားမြစ်ခြင်းကို ရပ်တန့်ရန် တာလီဘန်အား  တောင်းဆိုခဲ့ကြသည်။

တာလီဘန်အဖွဲ့ သြဂုတ်လတွင် အာဏာရလာပြီးနောက် ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုး သမီးများ၏အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်နှင့် အစိုးရအရာရှိများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးတို့ကို ကတိ ပြုခဲ့သည်။ သို့သော် တက်ကြွလှုပ်ရှားသူများ၊ အစိုးရ၀န်ထမ်းဟောင်းများနှင့် သတင်းသမားများသည် လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly