နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ ဇန်နဝါရီ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ ဇန်နဝါရီ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုများကြောင့် ကလေးငယ် ၂၆၅ ဦးအနည်ဆုံးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

· မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေသည့် ပြစ်မှုအချက်အလက်များပါသည့် စာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတာရက်ဆီကို ဇန်နဝါရီလ ၆ ရက်နေ့က ပေးပို့လိုက်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁/၂၀၂၃)ကို ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီမှာ ကျင်းပပြုလုပ်ခဲ့သည်။

· ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင် ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာသတင်းအချက်အလက်များအရ (၅.၁.၂၀၂၃) ရက်နေ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် - ၄၈ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ - ၁၉ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ ကြောင်း NUG ကထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မွန်ပြည်နယ်၊ ရေးမြို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· မြောင်လူငယ်ကွန်ရက် (Youths for Community- Myaung) မှ ဦးဆောင်ပြီး ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် "ခေတ်ဘယ်လောက်မှောင်မှောင် အလင်းရောက်အောင်သွားမည်" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနှင့် ရေပိုးစာကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၄ နာရီ ၃၅ မိနစ်က အကြမ်းဖက်စစ်ကားကြီး နှစ်စီးကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း South Monywa PDF မှ သိရသည်။

· ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ပြည်ထောင်စုလမ်းမကြီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း FIRE Dragon (KU) အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အကြမ်း ဖက် စစ်ကားနှစ်စီးကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီ ၅၆ မိနစ် အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံး ခဲ့ကြောင်း People’s Army to Fight Dictatorship မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၌ ရဲဘော် ၁၀ ဦး ကျဆုံးခဲ့သည့် ၁ နှစ် ၁ လ ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားတွင် ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီခန့်က မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများမိုင်းပေါက်ကွဲပြီး ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF မှ သိရသည်။

· ဖားကန့်၊ မှော်လှည့် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဇန်နဝါရီလ ၆ ရက်နေ့ က စစ်ကောင်စီတပ်များနှင့် ရဲ များ၏ ရိုက်နှက် ပစ်ခတ်မှုများကြောင့် နိုင်ငံရေးအကျဥ်းသား တစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူအချို့ထံမှသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းအတွင်းရှိ KNU နယ်မြေများ တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအ တွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင် စီ ဘက်မှ စစ်သား ၂၁၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ တရားဝင် သတင်းထုတ်ပြန် သည်။

· ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် KNLAအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း National Revolutionary Guards (NRG-PDF/ Saliingyi) မှ တပ်ဖွဲ့ဝင် ကိုထက်မြတ်အောင် ကျဆုံးသွားသည်ဟု NRG-PDF/ Saliingyi က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

· နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် မြေပြင်ကွင်းဆင်းအိမ်ထောင်စုစာရင်းကောက်ယူမှုအဖြစ် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

· တိုင်းပြည် စီးပွားရေး ၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်သည်။

· နိုင်ငံတော်ကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် မိမိတို့ အနေဖြင့် ဖော်ဆောင်ရမည် ဖြစ် ကြောင်း၊ ပုံမှန်အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ် ပုံမှန် အခြေအနေ များနှင့် ယင်းအခြေအနေများထက် မနိမ့်သည့်အဆင့်နှင့် ဖြစ်နိုင်ပါက သာလွန်သည့် တိုင်းပြည် ၏အခြေအနေကို ဖော်ဆောင်ပေးနိုင်ရမည်ဟု အာဏာလုမင်းအောင်လှိုင်ကပြောပြန်သည်။

· အကျဉ်းထောင်အတွင်းရှိ တီဘီလူနာ၊ HIV လူနာများအသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိသူများကို ရှာဖွေဆေးကုသပေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေကြောင်း စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ဇန်နဝါရီ ၇ ရက် သုံးသပ်ချက်

· နိုင်ငံကိုဦးဆောင်ရန် အရည်အချင်းမရှိသည့် အာဏာလုမင်းအောင်လှိုင်မှ ကြံ့ဖွတ်သမ္မတ သိန်းစိန် လက်ထက်ကမျိုး အခြေအနေကို ဖော်ဆောင်မည်ဟုဆိုပြီး ယင်းအခြေအနေထက်ဖြစ်နိုင်လျှင် သာလွန်အောင်လုပ်ပေးနိုင်ရမည်ဟုဆိုထားသည်။သူ၏စကားအရ သူကိုယ်တိုင်ကြိုးစားမည် ဟုပြောဆိုခြင်းမဟုတ်ဘဲ သူ့အောက်ကလူများကို ကြိုးစားခိုင်းနေခြင်းဖြစ်သည်။မင်းအောင်လှိုင်သည် သူကိုယ်တိုင် ပြတ်သားစွာ ပြောဆိုနိုင်ခြင်းမရှိသည်ကိုတွေ့ရသည်။

· နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေသည် ယခုရက်ပိုင်းအာဏာရှင်ခုခံစစ်ပြင်းထန်စွာဆင်နွဲနေသည်ကိုလည်း တွေ့ရသည်။ယင်းသို့ပြင်းထန်စွာ ဆင်နွဲနေသည်နှင့်အတူ ပြည်သူ့သားကောင်း တပ်ဖွဲ့ဝင်လူငယ်များ ဒီမိုကရေစီအရေးနှင့်အာဏာရှင်အမြစ်ပြုတ်ရေးအတွက် တိုင်းပြည်အတွက် အသက်ပေးလှူနေရသည်ကို တွေ့ရသည်။တော်လှန်လူငယ်များတာဝန်ကျေကြသလို ကျွန်တော်တို့ပြည်သူများသည်လည်း နိုင်သည့်တာဝန်ကို ရသည့်နေရာမှ ထမ်းရန်လိုအပ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly