အင်းတော်မြို့နယ်တွင် ရဲတပ်ဖွဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁ ဦးသေ၊ ၃ဦးဒဏ်ရာရ

By ကိုခင်မောင် (မဇ္ဈိမ)
07 January 2023
အင်းတော်မြို့နယ်တွင် ရဲတပ်ဖွဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁ ဦးသေ၊ ၃ဦးဒဏ်ရာရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်သို့ ရဲတပ်ဖွဲ့ဝင် များလိုက်ပါလာသည့် ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရကြောင်း Indaw Revolution- IRက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၇နာရီအချိန်ခန့်က အင်းတော်မြို့ ပညာရေးမှူးရုံးအနီး အရောက်တွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"သူတို့က ပညာရေးမှူးရုံးနားက ဂိတ်ကို လာတာ။ ရောက်ခါနီးမှာပဲ ကျတော်တို့က မိုင်းနဲ့တိုက်ခိုက်တာ ၊ လေးယောက်လောက် ထိခိုက်တယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးသူတို့က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေရှိတယ်" ဟု မိုင်းဆွဲတိုက်ခိုက်မှုတွင် ပါဝင်သည့် မြို့ပြပြောက်ကျားအဖွဲဝင်တစ်ဦးက ပြောသည်။

မိုင်းထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရသည့် ရဲတပ် သားလေးဦးအနက် ဒဏ်ရာပြင်းထန်သည့် တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိက္ခာကုန်းအဖြစ် နေရာယူထားသည့် ဂျန်ပန်မြေအောက်ဆေးရုံဟောင်း (World War II Cave)တွင် ဆေးကုသမှုခံရပြီးနောက် ဆေးရုံတွင်သေဆုံးသွားသည်ဟု IR Team ကဆိုသည်။

မြို့ပြပြောက်ကျားအဖွဲ့များ၏ မိုင်းဆွဲမှုကြောင့် ပျက်စီးသွားသည့် အဆိုပါကားကို အင်းတော်မြို့ရှိ သစ်တောရုံးဝန်းထဲတွင် ရပ်ထားကြောင်း သိရသည်။

အင်းတော်မြို့ ပညာရေးမှူးရုံးအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ရဲတပ်သား ခြောက်ဦးခန့်ဖြင့် နေ့စဉ်ဂိတ်စောင့်လေ့ရှိကြောင်း သိရပြီး တိုက်ခိုက်ခံရမှုအပြီးတွင် မြို့အဝင်အထွက် စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ရှိသည့်နေရာများအား အတတ်နိုင်ဆုံး ရှောင်နေကြရန် မြို့ပြပြောက်ကျားအဖွဲ့က အသိပေးထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#အင်းတော်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required