သဘာဝ အရင်းအမြစ်များ လျင်မြန်စွာ ဆုံးရှုံးနေသည့် ပြဿနာ

သဘာဝ အရင်းအမြစ်များ လျင်မြန်စွာ ဆုံးရှုံးနေသည့် ပြဿနာ

မိမိတို့ နိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့် နိုင်ငံဖြစ်သည်။ စစ်ဖြစ်သည့်အခါ ပထမဆုံး ကျဆုံးသွားသော အရာမှာ အမှန်တရားသာ ဖြစ်သည်ဟူသည့် စကားနှင့်အညီ စစ်ပွဲဖြစ်ပွားရာ နေရာများတွင် မှန်ကန်ခိုင်မာသည့် အုပ်ချုပ်ရေးနှင့် ဥပဒေ၏ အကျိုးသက်ရောက်မှုမှာ အားနည်းသွားရတော့သည်။ ထိုအခါ နည်းပေါင်းစုံဖြင့် ဖြစ်ပွားသော အကြမ်းဖက်မှုများ၊ ရာဇဝတ်မှု များက မင်းမူလာတော့သည်။

အထူးသဖြင့် မိမိတို့တိုင်းပြည်၌ တိုက်ပွဲဖြစ်ပွားသည့်ဒေသများမှာ နယ်စပ်ဒေသနှင့် တောင်တန်း ထူပြောသော၊ သွားရေးလာရေး ခက်ခဲသော တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဗဟိုအစိုးရတပ်များ တိုက်ပွဲဖြစ်ပွားရာဒေသများမှာ စစ်၏ အကျိုးဆက်များဖြစ်သည့် အနိဋ္ဌာရုံဟူသမျှ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် နေရာယူလာကြတော့သည်။

စစ်ပွဲများ ဖြစ်ပွားနေသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသလုံခြုံရေးမှာလည်း အာမခံချက် မရှိနိုင်တော့ချေ။ ထိုအခါ တောကြောင်များသည် လက်ခမောင်းခတ်ကာ ဒေသတစ်ခုလုံးကို နှောက်ယှက်ဖျက်ဆီး ခြိမ်းခြောက်တော့သည်။ သည်လိုအခြေအနေများ များစွာရှိနေသည့်အထဲမှ နယ်စပ်ဒေသ သစ်ခိုးထုတ်မှုများမှာ တိုင်းပြည်၏ သဘာဝအရင်းအမြစ်ကို နေ့ချင်းညချင်းဆိုသလို ဆုတ်ယုတ်ပျက်စီးစေလောက်အောင် ဖြစ်လာခဲ့သည်။

ဥပမာအားဖြင့်ဆိုလျှင် ၂၁၊ ၆၊ ၂၀၁၅ ကပါရှိ သည့် သတင်းဌာနတစ်ခုအရဆိုပါက ကချင်ပြည်နယ်တွင် ဖမ်းဆီးရမိသည့် နိုင်ငံခြားသား တရုတ် သစ်ခိုးဂိုဏ်းကြီးမှာ အံ့အားသင့်လောက်အောင် ကြီးမားသည်ကို ကြားခဲ့ရပါသည်။

ယင်း သစ်ခိုးဂိုဏ်းကြီးမှာ ကရိန်း ၂ စီး၊ မြေတူးစက် ၁ စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ ဆိုင်ကယ် ၉ စီးနှင့် တရုတ်နိုင်ငံသား ၁၃၈ ဦးအထိ အင်အားကြီးမားသည်ဟု ဆိုပါသည်။ သည်သစ်ခိုးဂိုဏ်းက ခုတ်လှဲယူထားတဲ့ သစ်တန်ချိန်က ၄,၅၅၇ တန်ရှိသည်လို့လည်း ဆိုပါသည်။ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရဆိုပါမူ သည်လို သစ်ခိုးဂိုဏ်းများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ယခုလို ခိုးယူနေခဲ့ကြသည်ဟု ဆိုပါသည်။ သည်အတိုင်းဆိုပါက ကချင်ပြည်နယ်အတွင်းတွင် သစ်တောများ ကျန်မှကျန်ပါဦးမည်လားဟုပင် စိတ်ပူပန်ဖွယ်ဖြစ်သည်။

ဤသို့ ဖမ်းမိသည့် အနေအထားကို ကြည့်လျှင် သည်သစ်ခိုးဂိုဏ်းကြီးသည်လည်းကောင်း၊ အလားတူ သစ်ခိုးဂိုဏ်းများ သည်လည်းကောင်း၊ မိမိတို့ နိုင်ငံအတွင်း အချိန်ကြာမြင့်စွာကတည်းကပင် ဝင်ရောက် ခိုးယူနေခဲ့သည်ဆိုသည်ကို လူတိုင်း သိနိုင်မြင်နိုင်ပါသည်။ ဤသို့ဆိုလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဤမျှကြီးမားသော သစ်ခိုးဂိုဏ်းကြီး တစ်ခု ယခုလိုပေါ်ပေါ်တင်တင် မိမိနိုင်ငံ နယ်မြေအတွင်း ဝင်ရောက်ခိုးယူနေသည်ကို မည်သည့်အတွက်ကြောင့် အချိန်နှောင်းမှ ဖမ်းဆီးမိခဲ့ကြ ရသနည်း။

ယခုအခါ ကချင်ပြည်နယ်ရယ်လို့ မဟုတ်ပါ။ ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ်တွင်လည်း ယခုလိုပင် တရားမဝင် သစ်ခိုးထုတ်မှုများက ရာစုနှစ်တစ်ဝက်ကျော် ရှိခဲ့ပြီဟု ယူဆရပါသည်။ မြင်ရတွေ့ရချက်များ စိတ်မချမ်းသာဖို့ ကောင်းသည်မှာ သံလွင်မြစ်တစ်လျှောက်၊ သောင်ရင်းမြစ် တစ်လျှောက် တစ်ဘက်နိုင်ငံဘက်ကမ်းတွင် ခေတ်မီကျွန်းစိုက်ပျိုးခင်းများ အစီအရီ လှပဝေဆာ နေကြသည်ကို မြင်ကြရပြီး မိမိတို့ နိုင်ငံဘက်ကမ်းတွင်မူ တောင်ကတုံးများသာ မင်းမူနေသည်ကို တွေ့နေကြရသည့် မြင်ကွင်းပင် ဖြစ်သည်။

ယခုအခါ မိမိတို့တိုင်းပြည် ပြည်တွင်းစစ် မီးတောက်လောင်နေသည့်အခိုက် ဒီမိုကရေစီအစိုးရ မပီပြင်သေးသည့်အခိုက် မိမိတို့ တစ်မျိုးသားလုံး အချင်းချင်း မသင့်မမြတ်ဖြစ်နေ သဘောထားကွဲပြား နေကြရသည့်အခိုက်တွင် မသမာသူများက သည်လည်းကောင်း၊ လူမျိုးခြားများသည်လည်းကောင်း၊ စီးပွားရေး အချောင်သမားများသည် လည်းကောင်း၊ အကျင့်ပျက်ခြစား ဝန်ထမ်းများသည် လည်းကောင်း၊ မိမိတို့ တမျိုးသားလုံး၏ တန်ဖိုး မဖြတ်နိုင်သော သယံဇာတဟူသမျှကို လက်ကုန်နှိုက်ယူ မောင်ပိုင်စီး နေသော အချိန်ဟူ၍ပင် ယူဆရမလို ဖြစ်နေပါသည်။

ထို့ကြောင့် အမျိုးသားရေး စိတ်ဓာတ်ဖြင့် အမျိုးသားအကျိုးစီးပွားဖြစ်သော မိမိတို့ တစ်မျိုးသားလုံးပိုင် အဖိုးတန် သယံဇာတများကို အချိန်မီ အကာအကွယ်ပြုနိုင်သည့် နည်းလမ်းများ ရှာကြရန်နှင့် တိုင်းပြည်တာဝန်ရှိသူများက ဤပြဿနာကို အထူးအလေးအနက်ထား တာဝန်ယူ ဆောင်ရွက်ကြပါရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags